တစ်ရွာလုံးမှာ တစ်ဦးတည်းသော တော်လှန်ရေးရဲဘော်

News

တစ်ရွာလုံးမှာ တစ်ဦးတည်းသော တော်လှန်ရေးရဲဘော်

ဇွန် ၁၀၊ ၂၀၂၂ ခုနှစ်။

တပ်ဖွဲ့တစ်ခုလုံးတွင်လည်း တစ်ယောက်တည်း၊ တစ်ဦးတည်း ပါသည့်မျိုးနွယ်စုဖြစ်နေ၍ သူ့ကို ရဲဘော် “ပအိုဝ်းမ” ဟု အချင်းချင်းက ခေါ်ဝေါ်ကြသည်။

အသက်၂၀ ပင် မပြည့်သေးသည့် ရဲဘော်ပအိုဝ်းမသည် အိမ်က သဘောမတူ၊ လက်မခံသည့် ကြားက တော်လှန်ရေးရဲဘော် ဘဝကို စတင်နိုင်ရန် ခိုးထွက် လာခဲ့သည်။

“အိမ်က ခွင့်မပြုဘူး။ ခိုးပြီး ထွက်လာခဲ့ရတာ။ အိမ်အလုပ်ပေါ့။ မနက်ပိုင်း လုပ်ပေးပြီး နေ့လည်ပိုင်းတော့ ဖယ်ခုံ ခဏ ဆင်းမယ်ဆိုပြီး ဒီမိုးဗြဲဘက် ကို ထွက်လာခဲ့ရတာပေါ့နော်” စကားသံဝဲဝဲဖြင့် တော်လှန်ရေးရဲဘော်ဘဝ အစပြုခဲ့သည်ကို ရဲဘော်ပအိုဝ်းမက ပြောသည်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက် နေ့လည်နေအပူသည် ရဲဘော်ပအိုဝ်းမ၏ ဆန္ဒများကို မဟန့်တားနိုင်ခဲ့။

ထိုအချိန်သည် အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်စစ်ဆင်နွှဲနေသည်မှာ အရှိန်ရနေပြီ ဖြစ်သည်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ရွာလုံးကျွတ် မီးရှို့မှုများသည် ပအိုဝ်းမလို လူငယ်တစ် ယောက်အတွက် ဘယ်လိုမှ လက်မခံချင်နိုင်ခဲ့။

စစ်ကောင်စီ၏ တစ်နေ့ထက် တစ်နေ့ ပိုပိုဆိုးလာနေသည့် လူမဆန်သည့် လုပ်ရပ်များကြောင့် ရဲဘော် ပအိုဝ်းမ၏ သန္နိဌာန်များမှာ ပိုမိုခိုင်မာနေသည်။

ရဲဘော်ဘဝ အစ စစ်အာဏာရှင်စနစ်ဆိုးကြီး ချုပ် ငြိမ်းသွားရန်အတွက် တစ်ခုတည်းသော ရည်ရွယ်ချက်ရှိနေသော ပအိုဝ်းမသည် ရဲဘော်ဘဝ အစခရီး ၌ပင် ပင်ပန်းဆင်းရဲမှုနှင့် ကြုံတွေ့ရသည်။

“တောတောင်တွေကြားမှာ သင်တန်းကွင်း ရောက်ဖို့ကို ၃ နာရီလောက်ကို တောင်တက်ခဲ့ရတာ။ ပင်ပန်းတာပေါ့နော်။ ဒါပေမယ့် ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်းကို ကိုယ်ဆုံးအောင် လျှောက်မယ်ဆိုတဲ့ အတွေးနဲ့ အားတင်းထားခဲ့တာ” ဟု ရဲဘော်ပအိုဝ်းမက ပြောသည်။

သင်တန်းသည် အမျိုးသမီးသီးသန့်သင်တန်းဖြစ်ခဲ့သောကြောင့် အဆင်ပြေခဲ့သော်လည်း ကယန်းဘာသာစကားဖြင့် သင်ကြားခဲ့သဖြင့် ပအိုဝ်းတိုင်းရင်းသူဖြစ်သည့် သူ့အတွက် ခက်ခဲခဲ့ရသည်ဟုဆိုသည်။

*အာဏာသိမ်းမှုတွင်မပါဝင်ခဲ့သည့် ပအိုဝ်းမတို့ရွာ*

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အစပ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ထိန်းချုပ်နယ်မြေအနီးရှိ ရဲဘော်ပအိုဝ်းမတို့ ရွာသည် စစ်အာဏာသိမ်းမှုတွင် မည်သို့မျှ တုန့်ပြန်မှုမျိုးတွင် မပါဝင်ခဲ့ပါ။

နိုင်ငံအနှံ့ ဆန္ဒထုတ်ဖော်ပွဲများ စည်စည်ကားကားရှိနေချိန်တွင် ပအိုဝ်းမသည် အာဏာသိမ်းမှု ဆန့်ကျင့်သည့် လူထုထဲတွင် ပါဝင်ချင်ခဲ့သည်။

ထို့ကြောင့် ပအိုဝ်းမတို့ လူငယ် ၁၀ ဦးခန့်သည် ဖယ်ခုံ၊ မိုးဗြဲစသည့် မြို့ပေါ်များမှ စစ်အာဏာရှင်ဆန့်ကျင်းရေး ဆန္ဒပြသပိတ်စစ်ကြောင်းများတွင် လိုက်ပါခဲ့ကြသည်။

စစ်သားနှင့် ရဲများ၏ အကြမ်းဖက်ဖြိုခွင်းမှုများကို သပိတ်စစ်ကြောင်းလူငယ်များနှင့်အတူ ပအိုဝ်းမ ကြုံခဲ့သည်။ ပြေးခဲ့ရသည်။

“ရန်ကုန်မှာ ပြတဲ့ အချိန် ဖယ်ခုံဘက်မှာ သပိတ်စစ်ကြောင်းတွေ မရှိသေးဘူး။ နောက်မှ ဖယ်ခုံဘက် ရောက်လာမှ ပထမဆုံးနေ့မှာပဲ သပိတ်စစ်ကြောင်းတွေနဲ့ လိုက်ခဲ့တာ” ဟု ရဲဘော်ပအိုဝ်းမက ပြောသည်။

စစ်ကောင်စီတပ်၏ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် နိုင်ငံအနှံ့တွင် လူငယ်ရာချီ အသက် ဆုံးရှုံးမှုများ ရှိနေချိန်တွင် ဖယ်ခုံ၊ မိုးဗြဲဘက်တို့၌ ဆိုးဆိုရွားရွား ဖြိုခွင်းမှုများနှင့် မကြုံခဲ့ရသော်လည်း ဆန္ဒပြသပိတ်စစ်ကြောင်းများက စောလျင်စွာ ပျောက်ကွယ်သွားကြသည်။

အကြောင်းမူကား လူငယ်အများစုသည် လက်နက်ကိုင်တော်လှန်ရေးအတွက် တောတောင်များအတွင်း ရောက်ရှိသွားခြင်းကြောင့်ပင်။

ပအိုဝ်းမအတွက် ဆန္ဒပြပွဲများ မရှိချိန်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ရန်မှာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ် တစ်ခုတည်းသာ ရှိတော့သည်ဟု တွေးခဲ့သည်။

“စစ်အာဏာရှင်ဆိုတဲ့ လူတစ်စုကြောင့် ဘာမှ အပြစ်မရှိတဲ့ ပြည်သူတွေ သေကြေနေကြရတယ်။ အေးအေးဆေးဆေး ဆန္ဒပြချိန်မှာ လက်နက်နဲ့ အကြမ်းဖက်လာတော့ ကိုယ်လည်း လက်နက်ကိုင် တော်လှန်ရတော့မယ်လို့ ယုံကြည်ခဲ့တယ်” ဟု သူက ပြောသည်။

* အိမ်က စိတ်မချ*

လက်နက်ကိုင်တော်လှန်မှ ရမည်ဆိုသည့် ရဲဘော် ပအိုဝ်းမ၏ ယုံကြည်ချက် ဆန္ဒများကို အိမ်က ခွင့်မပြုခဲ့ပေ။

လူပေါင်း သိန်းသန်းချီပြီး နိုင်ငံအနှံ့ ဆန္ဒပြနေချိန်တွင် ပအိုဝ်းမတို့ လူငယ် ၁၀ ယောက်ခန့်သာ ဆန္ဒပြသူများ ရှိခဲ့သည့် ရွာ၌ လက်နက်ကိုင်တော်လှန်မည်ဆိုသည့် စကားသည် ပအိုဝ်းမ မိဘများအတွက် ထူးဆန်းနေသည်။

ပအိုဝ်းမ၏ စိတ်ဆန္ဒများကိုပင် နားလည်နိုင်မည့် အခြေအနေ၌ ရှိနိုင်မည် မထင်။ ရွာ၌ ရှေ့ဆောင်လမ်းပြမရှိဘဲ တစ်ဦးတည်း ချွန်ထွက်သွားရမည့် ပအိုဝ်းမအတွက် ခက်ခဲခဲ့သည်။

ဆယ်တန်း တစ်နှစ် ကျရှုံးထားသည်ကို ကိုဗစ်ကြောင့် နောက်တစ်ကြိမ် ပြန်ဖြေခွင့် မရှိခဲ့သည့် ပအိုဝ်းမသည် စစ်အာဏာသိမ်းမှုကြောင့် စာမသင်နိုင်တော့သည့် အချိန်တွင် အိမ်ရှိ လက်ငုတ်လက်ရင်း စိုက်ပျိုးရေး အလုပ်အကိုင်များ၌လည်း မပျော်ရွှင်ခဲ့ပေ။

ထို့ကြောင့် ပအိုဝ်းမသည် ခုခံစစ်များ အရှိန်ရလာချိန် လူငယ်များ တစ်သုတ်ပြီး တစ်သုတ် စစ်သင်တန်းများ တက်ရောက်နေချိန်၌ သူ၏ ပြင်းပြသော ဆန္ဒများကို မထိန်းချုပ်နိုင်တော့ဘဲ အိမ်က ခိုးထွက်လာခဲ့သည်။

* စစ်ပွဲကြီးများနှင့် နဖူးတွေ့ဒူးတွေ့ *

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁ တွင် အမျိုးသမီးသီးသန့်သင်တန်း တက်ရောက်ပြီးနောက် ရဲဘော် ပအိုဝ်းမ တစ်ယောက် တပ်ခွဲ ၃၊ တပ်ခွဲ ၂ တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

သူ တပ်ထဲ စရောက်ချိန်သည် ဗိုးဗြဲတွင် ၂၀၂၁ ခုနှစ်အတွင်းက ပြင်းထန်သော တိုက်ပွဲများကို မမီခဲ့ပေ။

ပအိုဝ်းမ စတင် ကြုံတွေ့ခဲ့ရသည်မှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလလယ်ပိုင်း မိုးဗြဲတိုက်ပွဲပင်ဖြစ်သည်။

တင့်ကား၊ သံချပ်ကာကား၊ လက်နက်ကြီးပစ်ကူများ စသည့် မြေပြင်စစ်ကြောင်း၌ အင်အား အလွန်အကျွံသုံး ထိုးစစ်ဆင်မှုအပြင် ဝေဟင်မှ တိုက်လေယာဥ်များဖြင့် တိုက်ခိုက်ခဲ့သည့် မိုးဗြဲတိုက်ပွဲတွင် ပအိုဝ်းမတို့ တပ်ခွဲမှ ရဲဘော်၃ ဦး ကျဆုံးခဲ့ရသည်။

ကျဆုံးသူများတွင် ရဲဘော်ပအိုဝ်းမတို့၏ သင်တန်းမှူးလည်း ပါဝင်ခဲ့သည်။

“အခုချိန် တစ်ခုခု စိတ်ဓာတ်ကျတာတွေ ရှိရင် ဆရာတောင် အသက်ပေးဆပ်သွားသေးတာပဲ။ ငါအိမ်ပြန်ဖို့အထိ ဒါကို စွန့်လွှတ်လို့ မဖြစ်ဘူးဆိုတဲ့ စိတ်နဲ့ အခုချိန်ထိ အားတင်းထားရတယ်” ဟု ရဲဘော်ပအိုဝ်းမက ပြောသည်။

လက်ရှိတွင် တပ်ခွဲ ၂ ၌ တာဝန်ထမ်းဆောင်နေသော ပအိုဝ်းမသည် တပ်ခွဲမှူး၊ ဆေးမှူးများပြီးလျှင် အသက်အကြီးဆုံးဟု ဆိုသည်။

တပ်ခွဲအတွင်းရှိ ၁၇၊ ၁၈၊ ၁၉ နှစ်အရွယ်များသာ ရှိသေးသည့် ရဲဘော်များ၏ စွန့်လွှတ်စွန့်စားစိတ်နှင့် ပေးဆပ်နေမှုများကို သူအားကျသည်။ ဂုဏ်ယူသည်။

*အမျိုးသမီး ရဲဘော်*

ထို့ကြောင့်ရဲဘော် ပအိုဝ်းမသည် ကိုယ်ခန္ဓာကြံ့ခိုင်မှုသင်တန်းများတွင် ထပ်မံ သင်ယူလေ့ကျင့်နေ သည်။

“ယောကျ်ားလေးတွေနဲ့ တန်းတူ လိုက်လုပ်ရတာဆိုတော့ မလွယ်ဘူး။ လေ့ကျင့်ခန်းတိုင်းက အရမ်း ပင်ပန်းတယ်။ ဒါပေမယ့် ကိုယ်က တိုက်ခိုက်ရေးပိုင်း သွားမှာဆိုတော့ တတ်သလောက် လိုက်လုပ်နေတယ်” ဟု ရဲဘော်ပအိုဝ်းမက ပြောသည်။

တောတောင်ထဲတွင် အနေအစား ဆင်းဆင်းရဲရဲဖြင့် ပင်ပင်ပန်းပန်း လေ့ကျင့်နေရသည့် ပအိုဝ်းမတစ်ယောက် အိမ်နှင့် အဆက်အသွယ် ရနေသေး၍ ဖြေသာသည်ဟုဆိုသည်။

သို့သော်လည်း ယခုအချိန်အထိ သူ၏ ဖခင်က စကားမပြောသေးသည်ကို စိတ်မကောင်းဖြစ်နေသည်။

“ကိုယ့်သမီး တစ်ယောက် တောထဲမှာ ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ နေရတာကို သူဝမ်းနည်းပြီး မပြောရက်တာလည်း ပါမယ်” ဟု ဖုန်းအဆက်အသွယ် ရတိုင်း ဖခင်ဖြစ်သူ စကားမပြောလာသည်ကို ရဲဘော်ပအိုဝ်းမက နားလည်ပေးသည့် စိတ်ဖြင့် ပြောဆိုသည်။

*အနာဂတ် ရည်မှန်းချက်*

မိုးဗြဲတွင် ယခုရက်ပိုင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကြောင့် ယခုလ ဇွန် ၇ ရက်က တစ်နေကုန် တိုက်ပွဲပြင်းခဲ့သည်။

လက်ရှိတွင်လည်း စစ်ရေး တင်းမာနေဆဲဖြစ်ပြီး အပြင်းအထန် လေ့ကျင့်နေသည့် ရဲဘော်ပအိုဝ်းမက လာမည့် တိုက်ပွဲများ၌ ရှေ့တန်းထွက်နိုင်ရန် မျှော်လင့်နေသည်။

(လက်ရှိ အာဏာသိမ်းကာလအတွင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) တပ်များသည် စစ်ကောင်စီတပ်များနှင့် ပူးပေါင်း စစ်ကြောင်းထိုးခြင်း၊ စစ် ဘေးရှောင် ကူညီနေသူများကို ဖမ်းဆီးခြင်း၊ စစ် ဘေးရှောင်များကို နှင်ထုတ်ခြင်း စသည့်သတင်းများ ထွက်ပေါ်နေလျက် ရှိနေသည်။

သို့သော် လက်ရှိကာလ၌ တော်လှန်ရေးကို ဦးဆောင်တိုက်ပွဲဝင်နေကြသည့် လူငယ်များ၌ လူမျိုး၊ ဘာသာမရွေး တူညီသော ရည်မှန်းချက်များ ရှိနေသည်ကို လူငယ် ပအိုဝ်းတိုင်းရင်းသူတစ်ဦး၏ အကြောင်းဖြင့် တင်ပြရခြင်းဖြစ်သည်)

Crd

Leave a Reply

Your email address will not be published.