“အစ်ကိုက အမွေခွဲချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံအမှတ် (၅၄) ၊ တက္ကသိုလ်ရိပ်သာလမ်းက သမိုင်းဝင် မှတ်တမ်းများအကြောင်း”
အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်းဆိုရင် ရန်ကုန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လိပ်စာအဖြစ် ကမ္ဘာက သိကြပါတယ်။ ပါဝါ ၅၄ ဆိုတဲ့ အဆိုတော် လေးဖြူရဲ့ တေးသီချင်းစီးရီး တခုရဲ့ အမည်ကိုလည်း ဒီအိမ်လိပ်စာကို တင်စားတယ်လို့ တချိန်က ယူဆခဲ့ကြပါတယ်။




ဒေါ်အောင်ဆန်းစုကြည် ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲနိုင်ပြီးနောက် လွှတ်တော်တက်ဖို့ နေပြည်တော် မှာ သွားနေပြီးနောက် ဒီအိမ်မှာ သိပ်မနေဖြစ်တော့တဲ့အတွက် သိပ်သတိမထားမိကြပေမယ့် အခုတခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အစ်ကို ဦးအောင်ဆန်းဦးတို့ကြား နေအိမ်အမွေမှုကြောင့် ဒီအိမ်လိပ်စာဟာ သတင်းစာမျက်နှာထက်မှာ ရောက်လာပြန်ပါတယ်။
အမေရိကန် ဒေါ်လာ သန်း ၉ဝ လောက်တန်တယ်လို့ ရှေ့နေတွေ အကဲဖြတ်ကြတဲ့ ဒီခြံမြေကို မောင်နှမ ခွဲဝေကြဖို့ ၂ဝ၁၆ ကတည်းက အမိန့်ချထားတာကို ဦးအောင်ဆန်းဦးဘက်က မကျေနပ်လို့ ပြည်ထောင်စု တရားလွှတ်တော်ကို တက်ခဲ့တာ ဖြစ်ပါတယ်။
နှမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်မှာ ၁၂ နှစ် အလကားနေခွင့်ပေးထားပြီးဖြစ်တယ်လို့ ဦးအောင်ဆန်းဦးက ပြောကြားကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။ အိမ်မကြီးကို နှမက ရပြီး အစ်ကိုလုပ်သူက ပြိုပျက်နေတဲ့ အိမ်အသေးကို ရလို့ မကျေနပ်တာ ဖြစ်ပါတယ်။ ဒါကြောင့် အိမ်ကို လေလံပစ်ပြီး ခွဲယူကြဖို့ ဦးအောင်ဆန်းဦးဘက်က လျှောက်ထားခဲ့တာပါ။




ဒီအိမ်ကို စစ်မဖြစ်ခင် ၁၉၂ဝ ကျော်က ဆောက်ခဲ့ပုံရပြီး မူလပိုင်ရှင် အိန္ဒိယနွယ်ဖွားတယောက်လက်ကနေ ဒုတိယ ကမ္ဘာစစ်ကြီးအပြီးမှာ မြန်မာတိုင်းရင်းဆေးလုပ်ငန်းပိုင်ရှင်တယောက်က လေလံဆွဲဝယ်ယူခဲ့တယ်လို့ သိရကြောင်း ဒီအိမ်ကို ၂ဝဝ၉ ခုနှစ်နောက်ပိုင်း ပြန်လည် ပြင်ဆင်ရာမှာ ကြီးကြပ်ပေးခဲ့တဲ့ ဗိသုကာ ဦးခွန်သာမြင့်က ပြောပါတယ်။ဗိုလ်ချုပ်အောင်ဆန်း ပညာသင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်နဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ဒီအိမ်ဟာ အင်းလျားကန်ကိုလည်း နောက်ခံပြုထားတာပါ။
အင်းလျားကန် ပတ်လည်မှာ နေခဲ့ဖူးတဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေထဲမှာ သမ္မတဟောင်း ဦးနေဝင်းနဲ့ ဂျပန်ခေတ်က အဓိပတိဟောင်း ဒေါက်တာဘမော်တို့ပါသလို ဂျပန်ခေတ်က နိုင်ငံခြားရေး ဝန်ကြီး ဖြစ်ခဲ့တဲ့ ဦးနုလည်း ပါပါတယ်။




ဦးနေဝင်းရဲ့ နောက်ဆုံးအချိန်မှာ နေအိမ်အကျယ်ချုပ် ကျခဲ့သလို ဒေါ်အောင်ဆန်းစုကြည်လည်း အကျယ်ချုပ် ကျခဲ့တဲ့ အချိန်တွေ များပါတယ်။ဒီအိမ်မှာ အကျယ်ချုပ်နှစ်တွေ ဖြတ်သန်းရင်း ခင်ပွန်းသည် ကွယ်လွန်ခါနီး အချိန်မှာကို တွေ့ခွင့်မရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘဝက ကမ္ဘာကျော်ခဲ့ပါတယ်။
ဗိုလ်ချုပ် မကျဆုံးခင်က နေသွားတဲ့ တာဝါလိန်းအိမ်ကို ဗိုလ်ချုပ်ပြတိုက် လုပ်ဖို့ ၁၉၅ဝ ကျော်က စီစဉ်ချိန်မှာ ဒီအိမ်ကို ဖဆပလအစိုးရက ဒေါ်ခင်ကြည်မိသားစုအတွက် ဝယ်ပေးခဲ့တာလို့ ပြောကြသလို တာဝါလိန်းမှာ သားလတ် အောင်ဆန်းလင်း ရေနစ်သေဆုံးခဲ့ပြီးနောက်ပိုင်း မနေလိုတဲ့အတွက် ရွှေ့ပေးတာလို့လည်း ဆိုကြပါတယ်။
ဟယ်လပင်လမ်းက ပြည်ထောင်စု ရိပ်သာမှာ ခဏနေပြီးမှ တက္ကသိုလ်ရိပ်သာလမ်း အိမ်ကို ပြောင်းတယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မောင်နှမ ဝမ်းကွဲတော်တဲ့ ဦးအေးဝင်းက ပြောပါတယ်။
ယူနီဗာစီတီ အဗင်းနျူးအဖြစ် တချိန်က သိခဲ့တဲ့ ဒီလမ်းမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အစ်ကို ဝန်ကြီး ဦးဘဝင်း မိသားစုလည်း ဒေါ်ခင်ကြည်မိသားစုနဲ့ မျက်နှာချင်းဆိုင် နေထိုင်ကြပြီး ၁၉၄၇ အာဇာနည် လုပ်ကြံမှု အပြီးမှာ သူတို့ကို နေရာပေးခဲ့တာ ဖြစ်ပါတယ်။




နောက်ပိုင်း ဒေါ်ခင်ကြည် သံအမတ်ဘဝနဲ့ အိန္ဒိယ သွားနေစဉ်ကာလက လွဲပြီး ကွယ်လွန်သည်အထိ တက္ကသိုလ်ရိပ်သာလမ်း အိမ်မှာပဲ နေထိုင်ခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်တို့ မောင်နှမကတော့ ဗြိတိန်မှာ ပညာသင်ပြီး နိုင်ငံခြားမှာပဲ နေခဲ့ကြပါတယ်။
ဒေါ်ခင်ကြည်ရဲ့ အိမ်ဟာ နိုင်ငံရေးအရ အပယ်ခံလို ဖြစ် နေတဲ့ နိုင်ငံရေးသမားဟောင်းတွေနဲ့ တပ်မတော် အရာရှိဟောင်းတွေရဲ့ ဆုံရာ ဖြစ်ပြီး လမ်းစဉ်ပါတီ အစိုးရကို လွတ်လွတ်လပ်လပ် ဝေဖန်တဲ့ နေရာလို့ သိမီလိုက်သူတွေရဲ့ ရေးသားချက်တွေမှာ ပါပါတယ်။
ဒီခြံမှာ ဒေါ်ခင်ကြည်ရဲ့အစ်မ တောထဲက ပြန်လာတဲ့ ဒေါ်ခင်ကြီးတို့ သားအမိ ရှိသလို တခြား မောင်နှမတွေလည်း နေခဲ့ကြပါတယ်။ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျောင်းနေဘက်၊ သမဂ္ဂလုပ်ဖော်ကိုင်ဘက် ဖြစ်တဲ့ ဂျော်ဂျီတင်အောင်ဟာ ဝင်းဝမှာ တဲကြီးနဲ့ နေတယ်လို့လည်း ရေးကြပါတယ်။




ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ ထိုင်းနယ်စပ်မှာ ကျဆုံးပြီးနောက် ကျန်ရစ်တဲ့ သမီး ယုလက်ျာကို တက္ကသိုလ်ရိပ်သာလမ်းအိမ်မှာ အပတ်စဉ် ခေါ်တွေ့ပြီး ဂရုစိုက်တယ်လို့လည်း ဗိုလ်လက်ျာရဲ့သမီး ဒေါက်တာ ခင်လက်ျာက ရေးသားခဲ့ပါတယ်။
စာရေးဆရာမ ကြည်သင်း ရမည်းသင်းကတော့ ဒေါ်ခင် ကြည်ဟာ အိမ်မှာ ဧည့်လက်ခံရာမှာ အိမ်အဝင် ဝရန်တာနားမှာ တွေ့သင့်သူ၊ အတွင်း ဧည့်ခန်းကြီးမှာ တွေ့သင့်သူ၊ အပြင် ဧည့်ခန်းမှာ တွေ့သင့်သူ စသဖြင့် ခွဲခြား တွေ့တတ်တယ်လို့ ရေးဖူးပါတယ်။
နောက်ပြီး ချက်ပြုတ်မှု အိမ်ထောင် ထိန်းသိမ်းမှုမှာလည်း အင်မတန် နိုင်နင်းသူလို့ ဆိုပါတယ်။ ခြံတွင်းမှာလည်း ပန်းပေါင်းစုံ စိုက်ပျိုးထားပြီး ဒေါ်ခင်ကြည်ရဲ့ ဘိသိက်ပန်း ခေါ် လီလီပန်းတွေဟာ ရန်ကုန်က လက်ထပ်ပွဲတွေမှာ အင်မတန် ရေပန်းစားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ရှင်ပြုအခမ်းအနားကိုလည်း ဒီအိမ်မှာပဲ ကျင်းပပါတယ်။ ၁၉၈၈ အရေးအခင်းကာလအတွင်းမှာ ဒေါ်ခင်ကြည် နေမကောင်းတဲ့အတွက် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ပြန်လာပြီး ပြုစုရင်း နိုင်ငံရေး လှုပ်ရှားမှုမှာ ပါဝင်လာခဲ့ပါတယ်။




စစ်အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်း တည်ထောင်ချိန်မှာလည်း ဒီအိမ်မှာပဲ အစပျိုး လှုပ်ရှားခဲ့ပါတယ်။၁၉၈၈ ဒီဇင်ဘာမှာ ဒေါ်ခင်ကြည် ကွယ်လွန်ပြီးနောက် စျာပန အခမ်းအနားကိုလည်း ဒီအိမ်ကနေ ချဆောင် ကျင်းပခဲ့ပါတယ်။ အာဏာသိမ်း စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမောင်နဲ့ ဗိုလ်မှူးချုပ် ခင်ညွန့် စတဲ့ ထိပ်ပိုင်း စစ်ခေါင်းဆောင်တွေလည်း နာရေး လာမေးခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသက်တမ်းတလျောက် ဒီအိမ်မှာပဲ သတင်းထောက်တွေနဲ့ တွေ့ဆုံတာတွေ လုပ်ခဲ့သလို ပြည်တွင်းပြည်ပ ဧည့်သည်တွေနဲ့ ဆွေးနွေးတွေ့ဆုံတာတွေလည်း လုပ်ခဲ့ပါတယ်။
၁၉၈၉ အာဇာနည်နေ့ မှာ ပထမအကြိမ် နေအိမ် အကျယ်ချုပ် ကျပြီးနောက် ၁၉၉၅ မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာခဲ့ပါတယ်။အဲဒီနောက်ပိုင်း လူထုနဲ့ တွေ့ဆုံပွဲတွေကို အပတ်စဉ် တက္ကသိုလ်ရိပ်သာလမ်း ခြံရှေ့မှာ ကျင်းပခဲ့ပါတယ်။ဒီဆွေးနွေးပွဲတွေ ကျင်းပတာကို မလိုလားတဲ့ စစ်အစိုးရထုတ် သတင်းစာတွေကနေ ဒီပရိသတ်လူအုပ်ကြောင့် ကားပိတ်တယ်၊ အနှောင့်အယှက် ဖြစ်တယ် စသဖြင့် ရေးသားခဲ့ပါတယ်။




တကယ်က နေအိမ်အကျယ်ချုပ်ချတိုင်း ဒီအိမ်ရှေ့က လမ်းကို ပိတ်ထားတတ်တဲ့အတွက် ဝင်ဒါမီယာ လမ်းကနေ ကွေ့ပတ်သွားရတာက ပိုပြီး အနှောင့်အယှက် ဖြစ်ခဲ့တာပါ။
၂ဝဝ၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကို ဦးအောင်ဆန်းဦးက နေအိမ်ကို အမွေခွဲဝေ ယူလိုကြောင်း တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။
အဲဒီအတွက် ဒေါ်ခင်ကြည် ကွယ်လွန်စမှာပဲ အမွေကိစ္စ အတွက် စာချုပ် စာတမ်းနဲ့ ဦးအောင်ဆန်းဦးက လက်မှတ်ထိုးဖို့ ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုလို့ စည်းရုံးရေး သွားခါနီး လက်မှတ်ထိုး ပေးခဲ့ကြောင်း အစ်ကိုဝမ်းကွဲတော်တဲ့ ဦးအေးဝင်းက ပြောပါတယ်။
ဦးအောင်ဆန်းဦး အမေရိကန် မပြန်ခင်မှာ စာချုပ်ချုပ်တာ လို့လည်း ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သေချာတောင် မကြည့်ဘဲ လက်မှတ်ထိုးပေးလိုက်တယ်လို့ သိရပါတယ်။ ဒေါ်ခင်ကြည်က သားသမီး တွေ အမွေကိစ္စကို ပြောဆိုခဲ့တာ မရှိဘူးလို့လည်း ဆိုပါတယ်။




နောက်ပြီး မြန်မာ နိုင်ငံ ဥပဒေ အရ ပြည်ပ နိုင်ငံသားဖြစ်သူက အိမ်ပိုင်ခွင့် မရှိပါဘူး။ဦးအောင်ဆန်းဦးကိုလည်း အမေရိကန် နိုင်ငံသား ခံထားတယ်လို့ အများက နားလည်ကြပါတယ်။ တချိန်ထဲမှာပဲ ဒေါ်ခင်ကြည်ရဲ့ အစ်မ ဒေါ်ခင်ကြီးရဲ့သား ဗိုလ်မှူးကြီး ခင်မောင်အေးကလည်း အဒေါ်ဆီကနေ နေစရာ တောင်းလို့ ခြံထဲမှာ တိုက်ဆောက်ဖို့ စီစဉ်ခဲ့ဖူးပါတယ်။
ဒီအချိန်က တယောက်တည်း လို ဖြစ်နေတဲ့ အဒေါ်ကို ပြုစုဖို့ အနားမှာ လာနေလိုတယ် ဆိုပြီး ဗိုလ်မှူးကြီး ခင်မောင်အေးက နေစရာ တောင်းခဲ့တယ်လို့ ဆိုပါတယ်။ဒါပေမဲ့ တကယ်တမ်းက အဲဒီအချိန်က ဒေါ်ခင်ကြည် နာမည်ပေါက် မဖြစ်သေးတဲ့ အိမ်ခြံမြေကို နာမည်ပေါက် ဖြစ်အောင် ကူညီမယ် ဆိုပြီး လမ်းစဉ်ပါတီခေတ်က သတင်းစဉ်မှာ ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်တဲ့ ဗိုလ်မှူးကြီး ခင်မောင်အေးက ပြောလို့ ဒေါ်ခင်ကြည်က လက်မှတ်ထိုးပေးခဲ့တာလို့ ဦးအေးဝင်းက ပြောပါတယ်။
အိမ်ဆောက်ဖို့ ကြမ်းခင်း စလောင်းစမှာပဲ ဒေါ်ခင်ကြည်က သူ့ကို အိမ်မျက်နှာစာဘက်မှာ ဒီလောက် အကျယ်ကြီး ပေးတာ မဟုတ်ဘူး၊ ဒီနေရာလည်း မဟုတ်ဘူးလို့ ကန့်ကွက်ပြီး ရပ်ကွက် အာဏာပိုင်တွေဆီ စာရေး အသိပေးခဲ့လို့ ဆက်မဆောက်ဖြစ်တော့ဘူးလို့လည်း ဦးအေးဝင်းက ပြောပါတယ်။




နောက်ပိုင်းမှာလည်း ဒီကုန်ကျစရိတ်ကို ဦးခင်မောင်အေးဆီ ပြန်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ညှိနှိုင်းဆောင်ရွက်ပေးဖို့ သူနဲ့ သခင်အုန်းမြင့်ကို တောင်းဆိုလို့ ဆောင်ရွက်ပေးခဲ့ကြောင်း ဦးအေးဝင်းက ပြောပါတယ်။
ရက်ပိုင်းအတွင်းမှာပဲ ဦးခင်မောင်အေးဘက်က စရိတ်ပမာဏက အစ သဘောတူလို့ ပေးဖို့ စီစဉ်နေချိန်မှာ အဖမ်းခံရလို့ နောက်ဆက် ကိစ္စတွေ မသိရကြောင်းလည်း ဦးအေးဝင်းက ပြောပါတယ်။ ဦးခင်မောင်အေးကတော့ ၂ဝ၁၈ ခုနှစ်ထဲမှာပဲ ကွယ်လွန်သွားပါတယ်။




ဦးအောင်ဆန်းဦး အမှုမှာတော့ အကျယ်ချုပ် ကျနေတဲ့ နှမ ဖြစ်သူကို တရားစွဲလို့ဆိုပြီး ကန့်ကွက် ဝေဖန်ခံခဲ့ရပါတယ်။နောက်ပိုင်း ၂ဝဝ၃ ဒီပဲယင်း အရေးအခင်းနောက်ပိုင်း တရားရင်ဆိုင်နေရလို့ ခြောက်နှစ်လောက် အိမ်ကို မပြုပြင်နိုင်ဘဲ မိုးယိုတာတွေ ဖြစ်လို့ ပြင်ဆင်ဖို့ ဦးခွန်သာမြင့်ကို တာဝန်ပေးခဲ့ပါတယ်။ ဦးခွန်သာမြင့်ဟာ NLD ပါတီက ဦးဟံသာမြင့်ရဲ့ ညီလည်း ဖြစ်ပါတယ်။
အပေါ်ထပ်မှာ အိပ်ခန်းကြီး တခန်းနဲ့ ဒိပြင် အိပ်ခန်းနှစ်ခန်း ရှိပြီး တခန်းကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာကြည့်ခန်း လုပ်ထားတာပါ။ အောက်ထပ်မှာတော့ ဧည့်ခန်း နှစ်ခန်း၊ အိပ်ခန်းတခန်းနဲ့ ထမင်းစားခန်း၊ မီးဖိုဆောင် စတာတွေ ရှိတယ်လို့လည်း သိရပါတယ်။




ခြံဝင်းထဲက ယိုယွင်းနေတဲ့ အိမ်ဟောင်းတွေ၊ အလုပ်သ မား တန်းလျားတွေကိုလည်း ပြင်ဆင်တာ၊ ဖျက်ပစ်တာတွေ လုပ်ခဲ့ပါတယ်။ဦးခွန်သာမြင့် ပြင်ဆင်ပေးချိန်ကတော့ တရားစွဲဆိုထားတာတွေ ရှိလို့ မူလ ခွင့်တောင်းထားတဲ့အတိုင်း အိမ်မကြီးကိုပဲ ပြင်ပေးခဲ့ရပါတယ်။
ဂျွန်ဝီလျံယက်တော ရေကူးပြီး အိမ်ထဲ ဝင်လာလို့ ဒေါ် အောင်ဆန်းစုကြည် အင်းစိန်ထောင် ပို့ခံရချိန်မှာ အိမ်ကို ပြင်တာ ဖြစ်ပါတယ်။ကျန်တာကိုတော့ ၂ဝ၁ဝ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီးမှ ပြင်တာလို့ သိရပါတယ်။ ဦးခင် မောင်အေးရဲ့ မိခင် ဒေါ်ခင်ကြီး မကွယ်လွန်မီ နေသွားခဲ့တဲ့ အင်းလျားကန်စပ်က အိမ်ဟောင်းလေးကိုတော့ ပြင်ဆင်ပြီး ဧည့်သည်လာရင် တည်းစရာ အဖြစ် ပြုပြင်နိုင်ခဲ့တယ်လို့လည်း ဦးခွန်သာမြင့်က ပြောပါတယ်။
ကျန်တဲ့ ခြံဝက အစောင့်တဲနဲ့ ဒေါ်ခင်ကြည်ရဲ့ ညီမတယောက်အိမ်တွေကိုတော့ အိုဟောင်းပြီး မြွေပါးကင်းပါး ရှိလို့ ဖြိုချခဲ့ပါတယ်။နာဂစ်မုန်တိုင်းဒဏ်ကြုံလိုက်ရတဲ့ အိမ်ကို ပြင်ဆင်ပြီးနောက်ပိုင်း ၂ဝ၁ဝ မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီး နိုင်ငံရေး လှုပ်ရှားမှုတွေ ပြန်စလို့ ဧည့်သည်တွေ အများအပြား လာခဲ့ပါတယ်။




ဒီထဲမှာ အထင်ရှားဆုံးက အဲဒီအချိန်က အမေရိကန် သမ္မတ အိုဘားမားနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့ ဖြစ်ပါတယ်။နိုင်ငံတကာက နိုင်ငံခြားရေး ဝန်ကြီး အများအပြား လာသလို အနုပညာရှင်တွေလည်း လာကြပါတယ်။
၂ဝ၁၂ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် မှာ သွားနေပေမယ့် တက္ကသိုလ် ရိပ်သာလမ်းအိမ်ကို နိုင်ငံရေး ခရီးသွား စိတ်ဝင်စားစရာ နေရာတခု အဖြစ် လာကြည့်တာ၊ ဓာတ်ပုံရိုက်တာတွေ ဆက်ရှိပါတယ်။ နေအိမ် ခြံစည်းရိုး အသစ်ပြင်ပြီးနောက် တံခါးဟောင်းကို ဖြုတ်ပြီး လေလံတင် ရောင်းတာတောင် ရှိခဲ့ပါတယ်။
အခု နောက်ဆုံး ဖြစ်ပေါ်မှုတွေအရ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ဆန်းဦး အမွေခွဲဖို့ အိမ်ကို လေလံပစ်မလား၊ တရားရုံး ဆုံးဖြတ်သလို တဝက်စီ ခွဲယူမလား စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။
BBC
Crd