မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် တံလျှပ်ပမာ သာဟု ဘာ‌တန် လစ်တနာ ပြော

News

မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် တံလျှပ်ပမာ သာဟု ဘာ‌တန် လစ်တနာ ပြော

မင်းအောင်လှိုင် နှင့် အဖွဲ့သည် တရားဝင် ရပ်တည်ခွင့် ရှိနေသယောင် ကြိုးပမ်းသည့် အနေဖြင့် လက်နက်ကိုင် အဖွဲ့များကို ဖိတ်ခေါိ၍ ဆွေးနွေးခြင်း ဖြစ်သော်လည်း လုပ်နည်းလုပ်ဟန်များက ကမ္ဘာပေါ်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် မတူ ပြောင်းပြန် ဖြစ်နေသည်ဟု ဆိုသည်။

ထိုသို့သော လုပ်ငန်းစဉ် မှန်သမျှ တွင် အစိုးရတိုင်းက မိမိတို့ ငြိမ်းချမ်းရေး လိုလားကြောင်း၊ နိုင်ငံ အနာဂတ် အတွက် နိုင်ငံရေး သဘောတူညီချက် တခုခု ရရှိအောင် ‌‌ဆွေးနွေး ပြောဆိုပြီး လက်မှတ်ရေးထိုး ကြသည့် အဆင့်ကို နောက်ဆုံးတွင် ရရှိလာခဲ့စမြဲ ဖြစ်သော်လည်း ယခုအခါ မြင်းရှေ့ လှည်းတပ်သလို လုပ်နေခြင်းသာ ဖြစ်နေသည်။ ဘာတခုမျှ မ‌ဆွေးနွေးရသေးမီမှာပင် အပစ်အခတ် ရပ်စဲရေး ကို အရင် သဘောတူရမည်ဟု လက်မှတ်ထိုးခိုင်း သည်ကို တွေ့နေရသည်။

ဤသည်ကို သဘောတူ လက်မှတ်ရေးထိုးသည့် အဖွဲ့ ဆယ်ဖွဲ့ ရှိပြီး အများစုသည် ကိုယ်ပိုင် လက်နက်ကိုင် တပ်ဖွဲ့များ မရှိကြ။ မွန်ပြည်သစ် ပါတီ၊ ရှမ်းအဖွဲ့ RCSS တို့သည် လက်နက်ကိုင်တပ်များ ရှိသည်ဆိုသော်လည်း အင်အားနည်းလာနေပြီ။ ယေဘုယျ ဆိုရလျှင် နိုင်ငံ အတွင်းရှိ လက်နက်ကိုင် အဖွဲ့ ၈၀% သည် လက်မှတ်ထိုးထားကြခြင်း မရှိသေးပေ။ ထို့အတွက် လုပ်ငန်းစဉ် တခုလုံးသည် စလာကတည်းက ဟာသ မြောက်နေရသည်ဟု ဆိုသည်။

လက်မှတ်မထိုးသူများက နိုင်ငံရေး အရ တိုးတက်မှု ရှိလာသည်ကို တွေ့မြင်လိုကြပြီး သူတို့ထဲမှ အများစုသည် ဖက်ဒရယ် ပြည်ထောင်စု ကို လိုလားကြပြီး အချို့က ကွန်ဖက်ဒရိတ်ကို တောင်းဆိုသူများသာ ဖြစ်သည်။ ထိုကဲ့သို့ ဖြစ်လာသည်ကို မတွေ့ရသေးဘဲ လက်မှတ်ထိုးခြင်းသည် လက်နက်ချခြင်း နှင့် မကွာဟု ဆိုရမည်။

၎င်းတို့ ငြိမ်းချမ်းရေး လုပ်ငန်း စတင်နေသည့် ကာလ အတွင်းမှာပင် AA နင့် TNLA ကဲ့သို့ အင်အား ကောင်းသည့် လက်နက်ကိုင် အဖွဲ့များ ပေါ်ပေါက်လာသည်ကို အထင်အရှား တွေ့မြင်လာရသည်။

လက်မှတ်ရေးထိုးခဲ့သော အဖွဲ့များသည် အရေးပါလှသည့် အဖွဲ့များ မဟုတ်သော်လည်း NCA ထိုးထားသူများဟု အသိအမှတ် ပြုခံရပြီး ရန်ကုန်တွင် ရုံးခန်း ဖွင့်ခွင့်ရထားကာ ဝင်နိုင်ထွက်နိုင် ဖြစ်လာကြသည်၊ ဂုဏ်သိက္ခာ မြင့်တက်လာသည်။ နိုင်ငံတကာ အဖွဲ့အစည်းများထံ မှ ထောက်ပံ့ကြေး များလည်း အမြောက်အမြား ရရှိလာကြပြန်ပြီး တကယ်တမ်း ဘာမှ ဖြစ်လာနိုင်စရာ မရှိသည်များကို ဆက်လက် ဆွေး‌နွေးပြောဆိုနေကြခြင်းသာ ဖြစ်သည်။ သူတို့ ပြောဆိုနေကြသည်များထဲတွင် နိုင်ငံ၏ အနာဂတ်၊ ဖွဲ့စည်းပုံ မည်သို့ ရှိမည်၊ မည်သို့သော နိုင်ငံမျိုး တည်ဆောက်မှ ဖြစ်မည်၊ ဆိုသည်များ တခွန်းတပါဒမျှ ပင် ပါရှိခဲ့ခြင်း မရှိဟု ဆိုသည်။ ဤသို့ဖြင့် သူတို့အကြား အကွဲအပြဲများ ဖြစ်လာဖို့သာ ရှိသည်။

ကရင် အဖွဲ့အစည်း အတွင်း စစ်တပ်ကို တက်တက်ကြွကြွ ခုခံတွန်းလှန်နေသူများ နှင့် အပစ်ရပ်ရေး သဘောတူညီချက် ပုံစံတမျိုးမျိုး ကို ဆက်လက် ထိန်းထားချင်သူများ ဟူ၍ ကွဲထွက်လာသည်ကို ထောက်ပြသွားခဲ့သည်။ နိုင်ငံတွင်းမှ တိမ်းရှောင်လာကြသည့် စစ်အာဏာရှင် ဆန့်ကျင်ရေး အုပ်စုများသည်လည်း ၎င်းတို့ဒေသအတွင်း လာရောက် လှုပ်ရှားနေပြန်၍ ပြဿနာပေါင်း သောင်းခြောက်ထောင် ဖြစ်လာသည့် အပြင် တခုတလေမျှပင် ဖြေရှင်းနိုင်ခဲ့ကြခြင်း မရှိပေ။

ကွန်ဖက်ဒရေးရှင်းဟု ပြောနေသူများကလည်း မည်သည့် အတိုင်းအတာ မထိ ရည်ရွယ်နေသည်ကို မသိရသေးကြောင်း၊ အုပ်ချုပ်ရေး အာဏာကို မည်သို့ ခွဲဝေ ကျင့်သုံးမည် အစရှိသည်တို့က တကယ်တမ်း ဆွေးနွေးရမည့် အကြောင်းအရာများ ဖြစ်နေသည်။

ထို့ပြင် ချင်းပြည်နယ်မှ လွဲ၍ ကျန်ပြည်နယ်များတွင် လူမျိုးစု တစုတည်း သီးသန့်နေထိုင်ကြသည် ကို မတွေ့ရ၊ ချင်း လူမျိုးများ အကြားတွင်ပင် ဘာသာ စကား အမျိုးပေါင်း ၂၀ မှ ၃၀ ခန့်အထိ ကွဲပြားနေပြန်သည်။ ရခိုင်ပြည်နယ် အတွင်းတွင် ဆိုက မူဆလင် လူဦးရေသည် အဆမတန် များပြားစွာ ရှိနေသည်။ ရှမ်းပြည်နယ် ဆိုပြန်လည်း ၅၀-၆၀ ရာနှုန်းလောက်သာ ရှမ်းလူမျိုးများ ရှိတော့သည်။

ထိုပြည်နယ် အတွင်းရှိ ကချင်၊ ဝ၊ ပလောင်၊ ပအို့ လူမျိုးစုများက သူတို့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်များသာ လိုလားကြမည် ဖြစ်သည်။ ထိုကဲ့သို့ ပြဿနာမျိုးကို မည်သို့ ဖြေရှင်းကြမည်နည်း။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များတွင် အဓိက ဦးစားပေး ဆွေးနွေးကြရမည့် အကြောင်းအရာမျိုး ဖြစ်နေသည်။

လက်ရှိ စစ်အုပ်ချုပ်ရေး သမားများသည် တရားဝင် ရပ်တည်ပိုင်ခွင့် မရှိသူများ ဖြစ်နေသည်။ နိုင်ငံအတွင်း အပြင်ရှိ လူထုက တရားဝင် အပ်နှင်းထားသည့် အခွင့် အာဏာမျိုးလည်း မရှိ၊ လူမျိုး အဖုံဖုံ ကွဲပြားနေသော နိုင်ငံတွင် စစ်တပ်သည်သာ တခုတည်း‌သော ပြဿနာ ဖြစ်ရာ ဖြစ်ကြောင်း ဇစ်မြစ်ဖြစ်လာနေသည်။ နိုင်ငံတွင်း အချင်းချင်း အကြား အတွေးအခေါ် သဘောထားများ ကွဲပြားနေရခြင်းမှာလည်း ၎င်းတို့ ဖန်တီးထား၍သာ ဖြစ်သည်ဟု ဆိုသည်။

သူတို့ အခေါ် ငြိမ်းချမ်းရေး လုပ်ငန်းများ စတင်လာကတည်းက ဖွဲစည်းပုံကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်‌ ကြောင်း ဟစ်ကြွေးလာသူများ ဖြစ်သည်။ ဆိုလိုသည်မှာ ဖွဲ့စည်းပုံကို မည်သည့်နည်းနှင့်မျှ ပြောင်းလဲရန် ဆန္ဒ မရှိ၊ ထို့အတွက် နိုင်ငံ နယ်နမိတ် အတွင်းရှိ တိုင်းရင်းသား လူမျိုး အသီးသီး ၏ လက်ရှိ အဆင့် အတန်းကိုလည်း ဖွဲ့စည်းပုံ ပါအတိုင်း ဆက်လက် ထားရှိသွားကြမည်သာ ဖြစ်သည်။ ထိုသဘောထားများ ဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မည်သို့မျှ အစပျိုး၍ မရနိုင်ပေ။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ၁၉၈၈ မှာ ကဲ့သို့ပင် ၂၀၂၁ အာဏာသိမ်းလာသည့် လုပ်ရပ် အပေါ် တုန့်ပြန်မှု နှေး‌ကွေးခဲ့ကြပြန်သည်။ အများစုက ဗမာ အချင်းချင်း ဖြစ်သည့် ပြဿနာ၊ သူတို့နှင့် မဆိုင်ဟု သာ သဘောထားကြသည်ကို ကြားခဲ့ရသော်လည်း မြို့ပြ‌ဒေသများတွင် စစ်အာဏာရှင် တပ်များကို တိုက်ခိုက်လာသော ဗမာများနှင့် ဘုံရည်မှန်းချက် တူညီနေသည်ကို သိလာခဲ့ကြသည်။

KIA ဆိုက ၎င်းတို့ ဒေသအပြင်ဖက်သို့ PDF များထံ တပ်များ စေလွှတ်ပေးလာခဲ့ကြသည်။ဤသည်က ၁၉၈၈ အနေအထား နှင့် လုံးဝခြားနားလာသည်။ ကရင် ‌ဒေသများတွင် မြို့ရွာများမှရောက်ရှိလာသူများသည်လည်း ကရင် လက်နက်ကိုင်များ နှင့် ပူးပေါင်း တိုက်ပွဲဝင်လျှက် ရှိနေသည်။

(ဤသည်မှာ မြန်မာအရေး ကျွမ်းကျင်သူ ဘာတန် လစ်တနာ အား ဧရာဝတီ မှ ဦးအောင်ဇော် တွေ့ဆုံမေးမြန်းခဲ့သည်များကို ကောက်နှုတ်တင်ပြထားခြင်း ဖြစ်သည်)

ပြည်သူတို့၏ ခုခံစစ် မုချ အောင်ရမည်!!!

(ပုံတွင် ရှေ့တန်းစစ်မျက်နှာ တနေရာတွင် ပြည်သူ့ကာကွယ်ရေး တပ်များအား လိုက်လံ စစ်ဆေးနေသည့် ယာယီ သမ္မတကြီး ဒူဝါး လရှီးလ နှ င့် ယူကရိန်းသမ္မတ စလန်းစကီး ကို တွေ့နိုင်သည်။ – )
Hla Soewai

Crd

Leave a Reply

Your email address will not be published.