အာဏာလုခံရပြီးနောက် သူမဘ၀ရဲ့ ပျက်ယွင်းချက်တွေကို ပြောပြလာတဲ့ ပန်ဆယ်လို

News

အာဏာလုခံရပြီးနောက် သူမဘ၀ရဲ့ ပျက်ယွင်းချက်တွေကို ပြောပြလာတဲ့ ပန်ဆယ်လို

အာဏာလုခံရတဲ့ နှစ်နှစ်နီးပါးကာလအတွင်းမှာ ကိုယ်ဟာ စိတ်ပိုင်းဆိုင်ရာ အတော်ပျက်ယွင်းသွားတယ်။ ကျန်းမာရေးမှာလည်း အာရုံကြောကအတော် ထိလာပြီ ထင်တာပဲ။

တစ်နေ့တစ်နေ့ နေသာနေနေရတယ် ကြည်ကြည်လင်လင်ရှိတဲ့နေ့ တစ်ရက်မှ မရှိဘူး။ ခေါင်းမူးလိုက် ခေါင်းကိုက်လိုက် ဇက်ကြောတွေထိုးလိုက် နုံးချိနေလိုက်နဲ့။ စိတ်ကဆောင်နေလို့သာ ဆက်သွားနေတာ။ တကယ်ကို အဆင်ပြေမနေဘူး။

Focus လုပ်နိုင်စွမ်းတွေ အရမ်းလျော့လာတယ်။ အရမ်းမေ့တတ်လာတယ်။ တစ်ခုခုဆို အရင်ကထက် ကြိုးစားအာရုံစိုက်ရတယ်။ နှစ်နဲ့ချီ အိပ်ရေးပျက်တာတွေရဲ့ နောက်ဆက်တွဲက ဘယ်လောက်ဒုက္ခပေးလာမလဲတော့ မသိဘူး။ အသက်၃၁ နဲ့ ဆံပင်ဖြူတွေ ထွက်လာတယ်။

အဆိုးဆုံးက အသံတွေကို မုန်းလာတာပဲ။ အသံအကျယ်ကြီးတွေကို မုန်းတယ်။ အသံအကျယ်ကြီး စကားပြောတတ်သူတွေကို ရှောင်တယ်။ အသံအကျယ်ကြီးတွေ ကြားရင် ခေါင်းထဲက ဦးနှောက်တွေပါ လှုပ်လာသလို ခံစားရတယ်။

အသံတိုးတိုးလေးနဲ့ စီးချက်ကျကျ အသံတွေ ဆက်တိုက်ကြားရင် ရူးချင်လာတယ်။ နာရီလက်တံသံတို့ ရေစက်ကျသံတို့ကအစ ပြသနာဖြစ်လာတယ်။

မပျော်တတ်တော့သလို ပျော်ဖို့လည်း မကြိုးစားချင်တော့ဘူး။ ပျော်စရာနဲ့ တည့်တည့်တွေ့ရင်တောင် မပျော်ရက်သလို ထရှောင်ထွက်သွားမိတာမျိုး။ ဘာကိုမှ မမျှော်လင့်တော့သလို ဖြေရှင်းစရာ ဘာပြသနာမှမရှိတဲ့အချိန်ကပဲ ပျော်ရွှင်ခြင်း ဖြစ်လာတယ်။

ဘာလိုချင်တယ်မှ မရှိတော့ဘူး။ ဘာကိုမှလည်း ရင်မခုန်တော့ဘူး။ အရင်မက်မောခဲ့တဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကိုလည်း မလိုချင်တော့ဘူး။ အဝတ်အစားလည်း ဝတ်လို့ရရုံလောက်အပြင် မဝယ်ဘူး။ အရင် အရမ်း Crazy ဖြစ်ခဲ့တဲ့ အိတ်တွေတောင် US ရောက်တဲ့ တစ်နှစ်ကျော်မှာ တစ်အိတ်မှ မဝယ်ဖြစ်ဘူး။ လက်ဆောင်ရတဲ့အိတ်တွေပဲ ကိုင်တယ်။ ကြိုက်တယ် မကြိုက်ဘူး လိုက်တယ် မလိုက်ဘူး ဘာစိတ်မှ မရှိတော့တာ။အရင်က ဖိနပ်ကို ဗီဒိုလိုက်ထားခဲ့တဲ့ကောင်က ဖိနပ်တောင် အကြမ်းစီးတစ်ရံ အချောစီးတစ်ရံပဲ။ အရမ်းမွဲသွားလို့လားဆိုတော့ အဲ့လိုလည်း မဟုတ်ဘူး။ သုံးချင်စွဲချင်ရင် သုံးနိုင်ပါတယ်။ ဘာမှကို မလိုချင်တော့တာမျိုး။

မဖြစ်မနေ ပြောနေရတဲ့ စကားတွေ၊ မဖြစ်မနေလုပ်နေရတဲ့ အလုပ်တွေ။ မဖြစ်မနေတွေချည်း ဖြစ်နေလို့သာ လုပ်နေ ပြောနေရတာ။ စကားပြောရမှာကို အင်မတန်စိတ်ကုန်လာတာပဲ။ ဘယ်သူ့အသံမှ မကြားချင်ဘူး။ ငါ့အသံလည်း ငါမကြားချင်ဘူးဆိုတာမျိုး ဖြစ်လာတယ်။

လူတွေနဲ့လည်း မတွေ့ဖြစ်အောင် ရှောင်နေမိသလို ဖြစ်လာတယ်။ မဖြစ်မနေ လုပ်ကိုလုပ်ရမယ့် အရာတွေကိုသာ စက်ရုပ်တစ်ရုပ်လို လုပ်နေမိတာ။ ငါကြိုးစားရမယ်… ငါက အသုံးဝင်နေသေးတယ်ဆိုတဲ့စိတ်နဲ့သာ အားတင်းရှေ့ဆက်နေတာ စိတ်ရင်းအတိုင်းဆို အခုအချိန် ကိုယ်က ပျောက်ကွယ်သွားလောက်ပြီ။

သည်းခံရမယ် နားလည်ရမယ်ဆိုပြီး အရာရာကို စိတ်လျှော့ထားရတာ များလာတဲ့အခါ ဘာဒေါသမှ မရှိတော့ဘူး။ ငြိမ်းချမ်းသွားတာမျိုး မဟုတ်ဘဲ မခံစားတတ်တော့သလို အရာရာ အေးစက်သွားတာမျိုး။ ဝမ်းနည်းစရာကိစ္စတွေကိုလည်း အလားတူပဲ။ အေးခဲတိတ်ဆိတ်နေတာမျိုး။ ခံစားချက်အားလုံးဟာ ဗလာဟင်းလင်းပဲ။ သာမန်လူတစ်ယောက် ပုံမှန်ဖြစ်ရမယ့် ခံစားချက်အားလုံး ပျောက်ဆုံးသွားတာမျိုး။

တကယ်ကို ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေတဲ့ သက္ကရာဇ်တွေပဲ။ ကိုယ်ဟာ ကိုယ်တိုင် ထိန်းချုပ်မရတော့အောင် နေ့စဉ်ယန္တယားတစ်ခုနဲ့ လည်ပတ်နေရတဲ့ စက်ရုပ်တစ်ခုလိုမျိုး။

ကိုယ့် ညီမကပြောတယ်။ ကိုယ့်ကို အပြင်ထွက်ဖို့၊ စိတ်သက်သာရာလေးတွေ လုပ်ဖို့၊ ဒီထဲမှာ ခေါင်းနှစ်မနေဖို့ နားချတယ်။ ငါ့မှာ အချိန်မရှိဘူး။ ဒီတော်လှန်ရေးမှာ ရင်းစရာ ငါ့ရဲ့ဖြစ်တည်မှုနဲ့ လုပ်အားပဲ ရှိတယ်လို့ပဲ ဖြေဖြစ်တယ်။ သူကတော့ မှတ်ချက်ပေးပါတယ်။ မမ ဘယ်လိုအသက်ရှင်နေလဲ စဉ်းစားလို့ မရဘူးတဲ့။

ဒီကာလမှာ ကိုယ့်သမီးလေးရှိနေတာဟာ ကိုယ့်အတွက် တကယ့်ဆုလဒ်ပဲ။ မိခင်တိုင်း ကြုံရတဲ့ပင်ပန်းမှုမျိုးတွေ ကြုံရပေမယ့် သူရှိနေလို့သာ ကိုယ်နေနိုင်နေတာ။

အာဏာသိမ်းခံရတာကို ဘဝပျက်သလို ကြေကွဲမနေပါဘူး။ အာဏာသိမ်းခြင်းကို တော်လှန်ရင်းနဲ့မှ ဘဝအပြင် လူပါအစစအရာရာ တရိရိ ပျက်စီးနေရသလို ခံစားရတာ။

ဘယ်လိုမှ ပျော်လို့မရဘူး။ ပျော်ဖို့ မကြိုးစားနိုင်ဘူး။ ကျဆုံးသူတွေရဲ့ အသက်တွေ၊ ပေးဆပ်နေဆဲဘဝတွေအတွက် ဒီတော်လှန်ရေး အောင်ပွဲမရမချင်း ဘယ်လိုမှ မလျှော့နိုင်ဘူး။ တစ်စက်လေးမှ အခြားကိစ္စတွေအတွက် အားလျော့မခံချင်ဘူး။

အကယ်၍များ ကိုယ် ဒီကာလမှာ ပြောမှားဆိုမှား၊ ဆက်ဆံရေးအေးစက်နေတာတွေ၊ အချိန်မပေးတာတွေ ကြုံရရင်လည်း နားလည်ပေးကြစေချင်တယ်။ စိတ်ဆိုးစရာရှိရင်လည်း သူရူးနေတယ်လို့သာ သဘောထားပေးကြစေချင်တယ်။

ကိုယ်လုပ်နေတဲ့အလုပ်တွေက အကြီးအမားကြီး အကျိုးပြုချင်မှ ပြုနိုင်လိမ့်မယ်။ ကိုယ့်ထက်ပိုကြိုးစားအားထုတ်ပြီး ပေးဆပ်နေကြသူတွေလည်း အများကြီးပဲ။ ဒါပေမယ့် ကိုယ်ဟာ ကိုယ်ဒဏ်ခံနိုင်ရည် အင်အားကုန်နဲ့ ကိုယ်နိုင်ရာပုခုံးနဲ့ ဝင်ထမ်းရင်း မနိုင်မနင်းဖြစ်နေရတဲ့ကောင်ပဲ။

ဒီရက်ထဲ စာရေးကျဲပါမယ်။ကိုထိန်လင်းရဲ့ ဆန်ရေProject အတွက် အားမွေးရင်း ရှေ့က မပြတ်သေးတဲ့ အလုပ်လေးတွေ အာရုံစိုက် ဖြတ်ပါရစေဦး။

ဒီကာလမှာ အဆင်မပြေတာတွေ ခံစားနေရတဲ့သူတွေကိုလည်း အားပေးချင်ပါတယ်။ မင်းတစ်ယောက်တည်း မဟုတ်ဘူးဆိုတာပါပဲ။

တော်လှန်ရေးဟာ ခက်ခဲတယ်၊ ကြမ်းတမ်းတယ်၊ အချိန်ပေးရတယ်ဆိုပေမယ့် ဒါဟာ အဆုံးမရှိတဲ့လမ်းမဟုတ်ဘူး။ အတူတူလျှောက်နေကြတယ်။ အတူတူ ပန်းတိုင်ထိ သွားမယ်။

ငါတို့ဟာ နာကျင်နေလည်း သန်မာနေကြရမယ် မဟုတ်လား။ လုံးဝကို မဖြစ်မနေပေါ့။

Crd

Leave a Reply

Your email address will not be published.