ဦးဂျင်မီကဲ့သို့ နောက်ထပ်‌ေ-သဒဏ်စီရင်မှုများ မဖြစ်စေရန် နိုင်ငံတကာ အဖွဲ့အစည်းများမှ စ စ်ကောင်စီကို အရေးယူပေးရန် ဇနီးဖြစ်သူတိုက်တွန်း

News

ဦးဂျင်မီကဲ့သို့ နောက်ထပ်သေဒဏ်စီရင်မှုများ မဖြစ်စေရန် နိုင်ငံတကာ အဖွဲ့အစည်းများမှ စစ်ကောင်စီကို အရေးယူပေးရန် ဇနီးဖြစ်သူတိုက်တွန်း

မဲဆောက်(မဇ္ဈိမ) ။ ။ စစ်ကောင်စီ၏ လက်တွေ့သေဒဏ်စီရင်ခြင်းခံလိုက်ရသည့် နိုင်ငံရေးအကျဉ်းသား ဦးဂျင်မီကဲ့သို့ နောက်ထပ်မဖြစ်ပေါ်စေရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများမှ စစ်ကောင်စီကို ထိရောက်သည့် အရေးယူမှုများပြုလုပ်ပေးရန် ၎င်း၏ဇနီးဖြစ်သူ ဒေါ်နီလာသိန်း က အလေးအနက်တိုက်တွန်းထားသည်။

“ကိုဂျင်မီသေဒဏ် ကွပ်မျက်ခံရမှုအပေါ် ဇနီးဖြစ်သူ မနီလာသိန်း၏ ပြောကြားချက်” အမည်ဖြင့် စစ်ကောင်စီအားအရေးယူပေးရန် ဒေါ်နီလာသိန်းက အင်္ဂလိပ်ဘာသာဖြင့် တောင်းဆိုခဲ့ခြင်းကို ယမန်နေ့ သြဂုတ်လ ၂၀ ရက်နေ့က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့်အသိပေးထားသည်။

စစ်ကောင်စီသည် ပြီးခဲ့သည် ဇူလိုင် ၂၅ ရက်နေ့က ၎င်းတို့၏ ဝါဒဖြန့်မီဒီယာများမှတစ်ဆင့် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ကို ပြစ်ဒဏ်စီရင် ဆောင်ရွက် ပြီးစီးကြောင်း ထုတ်ပြန်ခဲ့သည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သည့် ဦးဂျင်မီ(ခ) ဦးကျော်မင်းယုသည် ပြီးခဲ့သည့် ၂၀၂၁ခုနှစ် အောက်တိုဘာလ၂၄ရက်နေ့တွင် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ ပင်လုံအိမ်ရာ၌ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။

ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH )တို့နှင့် ဆက်သွယ်မှု ပြုလုပ်ခဲ့သည်ဟုဆိုကာ ပုဒ်မ ၄၉ က၊ ၅၀ ဈနှင့် ၅၀ ည ပုဒ်မတို့ဖြင့် ဦးဂျင်မီအား သေဒဏ်ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း စစ်ကောင်စီ၏ ဝါဒ ဖြန့်မီဒီယာများက ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၂၁ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

စစ်ကောင်စီသည် ထို့သို့ထုတ်ပြန်ပြီး ခုနစ်လအကြာတွင် ဦးဂျင်မီ အား အခြားနိုင်ငံရေးအကျဉ်းသား သုံးဦးနှင့်အတူ သေဒဏ် စီရင်ခဲ့ကြောင်း ကြေညာခဲ့သည်။

စစ်ကောင်စီသည် ဦးဂျင်မီအား ဖမ်းဆီးထားသည့် ၁၀ လနီးပါးကြာကာလအတွင်းတွင် မိသားစုနှင့်တစ်ကြိမ်သာတွေ့ခွင့်ပေးခဲ့သည်။ ထိုတစ်ကြိမ်မှာ နောက်ဆုံးအကြိမ်ဖြစ်သည်။

“သေဒဏ်မစီရင်မီ တစ်ရက်အလိုမှာ မိသားစုဝင်တစ်ဦးနှင့် zoom မှတစ်ဆင့် မိနစ်၂၀ခန့် တွေ့ခွင့်ရရှိခဲ့သော်လည်း သေဒဏ်စီရင်မည့် နေ့ရက်၊ အချိန်စသည်တို့ကို မိသားစုဝင်များကို ပြောဆိုခြင်း လုံးဝ မရှိခဲ့ပါ။ ထို့အပြင် စစ်ကောင်စီသည် သေဒဏ်စီရင်ရန် အစီအစဉ်မရှိသည့်အလား ဟန်ဆောင်ခဲ့သည်” ဟု ဦးဂျင်မီ၏ဇနီး ဒေါ်နီလာသိန်းက ဆိုထားသည်။

ဦးဂျင်မီအပါအဝင် လေးဦးအား သေဒဏ်ချမှတ် စီရင်ပြီးကြောင်း ကြေညာခဲ့သည့် စစ်ကောင်စီအပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့စည်းများက ကန့်ကွက် ရှုတ်ချမှုများ ပြုလုပ်ခဲ့သည်။


ထို့အပြင် စစ်ကောင်စီသည် ၎င်းတို့၏ လက်အောက်ခံ အရပ်သားအချို့ကို အသုံးချ၍ ဦးဂျင်မီနှင့်ဦးဖြိုးဇေယျာသော်တို့၏ နေအိမ်များသို့သွားရောက်ကာ ခြိမ်းခြောက်ခြင်း ၊ ဆဲရေးတိုင်းထွာခြင်းနှင့် နေအိမ်များကို ခဲများ၊ ကြက်ဥများဖြင့်ပစ်ပေါက်ခြင်း တို့ကိုပြုလုပ်ခဲ့ သည်ကိုတွေ့ရသည်။

ယခုကဲ့သို့ပြုလုပ်သည့် စစ်ကောင်စီ၏လုပ်ရပ်သည် “အရပ်သားအချင်းချင်း ပဋိပက္ခ အသွင်ဆောင် ဖန်တီးယူသည့်လုပ်ရပ်များဖြစ်သည်” ဟု ဒေါ်နီလာသိန်း၏ ထုတ်ပြန် ချက်တွင် မှတ်ချက်ပြုထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်တွင် သေဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၂၅ဦးရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က ဩဂုတ်လ ၁၉ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံဆိုင်ရာကုလ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက စစ်ကောင်စီခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ သည့် အချိန်တွင် သေဒဏ်ပေးမှုများကို တရားဝင်ဆိုင်းငံထားရန် တိုက်တွန်း ခဲ့ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိင်ငံဆိုင်ရာ အထူး ကိုယ်စား လှယ်ရုံးက သတင်း ထုတ်ပြန်ခဲ့သည်။ #Mizzima

Crd

Leave a Reply

Your email address will not be published.