အစိုးရအဖြစ် အသိအမှတ်ပြုမှုနှင့်အတူ နိုင်ငံတကာက NUG ကို ငွေကြေးနှင့်အကူအညီ ပေးသင့်သည့် အချိန်ရောက်ပြီ

News

အစိုးရအဖြစ် အသိအမှတ်ပြုမှုနှင့်အတူ နိုင်ငံတကာက NUG ကို ငွေကြေးနှင့်အကူအညီ ပေးသင့်သည့် အချိန်ရောက်ပြီ

By The Economist

လွန်ခဲ့သောငါးနှစ် ယခုလိုကာလဖြစ်သည့် ဩဂုတ်လက လူနည်းစုရိုဟင်ဂျာ မွတ်ဆလင်များအား မြန်မာစစ်တပ်၏ ဖိနှိပ်သတ်ဖြတ်မှုများ စတင်ဖြစ်ပွားခဲ့ပြီး နောက်ဆုံးတွင် ရိုဟင်ဂျာ ၇သိန်းခွဲတို့ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။ကံဆိုးမိုးမှောင်ကျခဲ့သည့် ဒုက္ခသည်များသည် ယနေ့တိုင်ပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ စခန်းများတွင် ပင်ပန်းဆင်းရဲစွာ တိမ်းရှောင်နေကြရဆဲ ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း၌ ကျန်ရစ်ခဲ့သော ရိုဟင်ဂျာများမှာ စနစ်တကျ သီးသန့်ခွဲထုတ်၍ ခွဲခြားဆက်ဆံမှုကို ကြုံတွေ့နေရသည်။

ထိုသို့ လူနည်းစုရိုဟင်ဂျာများအပေါ် အနိုင်ကျင့်ရုံဖြင့် အားမရသေးသော မြန်မာစစ်တပ်သည် အရပ်သားအစိုးရကို ဖယ်ရှားခဲ့သည့်အချိန်မှစ၍ မတရားအနိုင်ကျင့်မှုကို ဆန့်ကျင်သော ဒီမိုကရေစီလိုလားသူများ၏ နိုင်ငံအဝှမ်း ကန့်ကွက်ဆန္ဒပြမှု များကိုလည်း အကြမ်းဖက်နှိမ်နှင်းခဲ့ကြသည်။

အကျိုးဆက်အနေဖြင့် လက်နက်ကိုင်တော်လှန်ရေး ပေါက်ဖွားလာကာ အဆိုပါတော်လှန်ရေးကို စစ်တပ်၏ ချေမှုန်းနိုင်ရေး ကြိုးပမ်းမှုများမှာ အောင်မြင်မှုမရရှိခဲ့ပေ။
ကမ္ဘာပေါ်တွင် မြန်မာစစ်ကောင်စီထက် သွေးစွန်းမှု ပိုများပြီး မနှစ်မြို့စရာ ပိုကောင်းသည့် အုပ်ချုပ်သူမျိုး မရှိသလောက် ရှားသည်။ တစ်ဖက်တွင်လည်း မြန်မာစစ်အုပ်စုလောက် ဩဇာလွှမ်းမိုးရ ခက်ခဲသော အုပ်ချုပ်သူမျိုးလည်း မရှိပေ။ အနောက်နိုင်ငံများက အကူအညီပေးအပ်မှုများ ရပ်ဆိုင်းခဲ့သလို အနောက်နိုင်ငံမှ စီးပွားရေးလုပ်ငန်း အများအပြားလည်း နိုင်ငံတွင်းမှ ထွက်ခွာသွားခဲ့ပြီးဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ မြန်မာ့စီးပွားရေးသည် ယမန်နှစ်က၁၈% ကျဆင်းသွားသည်ဟုဆိုသည်။ သို့သော်စစ်တပ်သည် ပြည်သူများ၏ စီးပွားရေး ခြွတ်ခြုံကျမှုကို လျစ်လျူရှုထားသည်။ ထို့အပြင် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသောလက်နက်ကိုင်များကို ချေမှုန်းရန် ၎င်းတို့၏ မြေလှန်စစ်ဆင်ရေး တိုက်ပွဲများအတွင်း ထောင်နှင့်ချီသော အပြစ်မဲ့အရပ်သားများ သေဆုံးခဲ့ရပြီး လူ၁ သန်းခန့်နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့်တိုင်အောင် ၎င်းတို့က ဂရုစိုက်ခြင်း အလျင်းမရှိပေ။

တော်လှန်မှုများအား ကြမ်းတမ်းစွာနှိမ်နှင်းမှုကို ကြည့်၍ စစ်တပ်၏ ရက်စက်မှုကို မှန်းဆနိုင်ရုံမက မြန်မာ ဒီမိုကရေစီအင်အားစုများ၏ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ကြံ့ကြံ့ခံနိုင်မှုကိုလည်း ရိပ်စားမိနိုင်သည်။ ဒေသ အများအပြားတွင် လက်နက်ရှားပါးသလို စစ်သင်တန်းလည်း တက်ရောက်ဖူးခြင်း မရှိသော သာမန်ရွာသားများဖြင့် ပြည်သူ့စစ်များကို ဖွဲ့စည်းခဲ့သည်။ လူများစု ဗမာတိုက်ခိုက်ရေးသမားများသည် တိုင်းပြည် နယ်စပ်ဒေသတစ်ဝိုက်ရှိ တိုင်းရင်းသားလူမျိုး အခြေပြု လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းမိလာသည်။

အဆိုပါအဖွဲ့များသည် စစ်တပ်နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်နိုင်သည့် အင်အားမျိုးမရှိသော်လည်း ၎င်းတို့သည် နိုင်ငံအနှံ့အပြားတွင် ထိုးစစ်များ၊ ချုံခိုတိုက်ခိုက်မှုများ ဆင်နွှဲနေသည်။ စစ်တပ်သည် နိုင်ငံ့ဧရိယာ ထက်ဝက်ခန့်ကိုသာ ထိန်းချုပ်ထားနိုင်ပြီး တဖြည်းဖြည်းနှင့် နယ်မြေများ ဆုံးရှုံးလာလျက် ရှိသည်။ ပြင်ပအကူအညီ လုံးဝမရှိသလောက်အနေအထားဖြင့် အတိုက်အခံတို့က ယင်းအခြေအနေဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ငွေကြေးနှင့် အခြား အားပေးကူညီမှုအချို့ ရရှိမည်ဆိုပါက အတိုက်အခံတို့အတွက် ကြီးမားသည့် အထောက်အကူ ဖြစ်စေလိမ့်မည် ဖြစ်သည်။

ယူကရိန်းစစ်ပွဲ ဖြစ်ပွားနေချိန်၌ မြန်မာ့အရေး ဦးစားပေးအကူအညီ မရရှိခြင်းမှာ ကမ္ဘာ့စီးပွားရေး အခြေအနေမကောင်းခြင်း၊ အခြားအကြပ်အတည်းမျိုးစုံ ကြုံတွေ့နေရခြင်းတို့သည် တစ်စိတ်တစ်ပိုင်း ဆက်နွယ်သည့် အကြောင်းရင်းများဖြစ်သည်။ သို့သော် စစ်တပ်ကိုဖယ်ရှားရန် မူလကနဦးကတည်းက မျှော်လင့်ချက် မရှိသလောက် နည်းသည်ဟူသော အမြင်က အဓိကအကြောင်းရင်းဖြစ်သည်။ ဆန့်ကျင်မှုများမှာ အလွယ်တကူ ချေမှုန်းခံရလိမ့်မည်ဟု အများစုက ယူဆထားသည်။

အကျိုးမဲ့ သွေးထွက်သံယိုမှုများသာ ဖြစ်ပေါ်လာမည်ဟူသော အမြင်ကြောင့် အနောက်နိုင်ငံအစိုးရများသည် အာဏာသိမ်းမှုအပြီး လက်နက်ကိုင်တော်လှန်မှုကို အားမပေးခဲ့ပေ။ ထို့ပြင် အတိုက်အခံတို့၏ စည်းလုံး ညီညွတ်နိုင်စွမ်းကိုလည်း ၎င်းတို့က သံသယရှိနေခဲ့သည်။

ယခုအခါ အနောက်နိုင်ငံများ၏ အမြင်သည် လုံးဝမှားယွင်းသွားပြီဖြစ်သည်။ ယခင်အာဏာရပါတီမှ အမတ်များက အတိုက်အခံအစိုးရတစ်ခုကို အလျင်အမြန်ဖွဲ့စည်းခဲ့သည်။ ဗမာလူမျိုးကြီးဝါဒရှိသည်ဟူ၍ သတင်းကြီးနေလင့်ကစား အတိုက်အခံအစိုးရတွင် တိုင်းရင်းသား လူနည်းစုပါတီ ကိုယ်စားလှယ်များကို ထည့်သွင်းဖွဲ့စည်းခဲ့သည်။ ရိုဟင်ဂျာများကို ပိုမိုကောင်းမွန်စွာ ဆက်ဆံသွားမည်ဟုပင် ၎င်းတို့က ကတိပြုခဲ့သည်။

တော်လှန်ရေး အဖွဲ့အများအပြား အပါအဝင် ဗမာလူမျိုးအများစု၏ သစ္စာခံမှုကို အမျိုးသားညီညွတ်ရေး အစိုးရ(အင်န်ယူဂျီ)က ရရှိထားသည်။ အချို့နယ်မြေများတွင် ဒေသခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ၎င်းတို့ကဖွဲ့စည်းနိုင်ခဲ့ပြီး ကျောင်းများ၊ ဆေးခန်းများ ဖွင့်လှစ်ထားနိုင်ကြသည်။ တစ်ချိန်တည်းမှာပင် စစ်တပ်မှာမူ သောင်းကျန်းမှုများကို အောင်မြင်စွာ နှိမ်နှင်းနိုင်စွမ်း မရှိကြောင်းတွေ့ရှိလာရသည်။

သို့ရာတွင် အင်န်ယူဂျီ၌ ငွေအလွန်အမင်းပြတ်လပ်နေသည်။ အင်န်ယူဂျီသည် အနောက်နိုင်ငံများထံမှ အကူအညီ အထူးသဖြင့် ငွေကြေးအကူအညီ လိုအပ်လျက်ရှိသည်။ အကယ်၍ အင်န်ယူဂျီကို အမေရိကန်က တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုလိုက်ပါက အာဏာသိမ်းမှုအပြီး အမေရိကန်က ထိန်းချုပ်ထားသည့် မြန်မာ့ပိုင်ဆိုင်မှု ဒေါ်လာ ၁ ဘီလီယံကို အင်န်ယူဂျီက တောင်းဆိုနိုင်လိမ့်မည် ဖြစ်သည်။ ထိုသို့ ဆောင်ရွက်နိုင်ပါက စစ်တပ်၏ အကြမ်းဖက်မှုများကို ပြင်ပကမ္ဘာက မျက်စိမှိတ် လက်ခံနေခြင်း မဟုတ်ကြောင်း ပြသနိုင်မည့် ထပ်ဆောင်းအကျိုးကျေးဇူးလည်း ရှိသည်။

သို့သော် မြန်မာစစ်တပ်ကို အရေးနိမ့်သွားစေလိမ့်မည်ဟု မည်သည့်အချက်ကမျှ အာမခံနိုင်မည်မဟုတ်ပေ ။ငွေကြေးနှင့် လက်နက်အင်အားအရ စစ်တပ်က အလွန်အမင်း အားသာနေဆဲပင်။ ထို့အပြင် ၎င်းတို့ဖက်တွင် အင်အားကြီးမားသော တရုတ်မဟာမိတ်လည်း ရှိနေသည်။

သို့သော် မြန်မာ့တော်လှန်ရေးသည် ၁၈လ ကြာမြင့်သည်အထိ ချေမှုန်းခြင်း မခံရအောင် ကြံ့ကြံခံ တိုက်ပွဲဝင်နေနိုင်ဆဲဖြစ်သည်။ ထိုအချိန်မျိုး၌ တော်လှန်နေသူများဖက်မှ အလေးသာလာစေရန် အပြောင်းအလဲ ကြီးကြီးမားမား လိုအပ်ခြင်းမျိုးကား မရှိပေ။

(The Economist မဂ္ဂဇင်း ပါ “Myanmar’s government-in-exile deserves more help” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)။

Crd

Leave a Reply

Your email address will not be published.