ခေတ်ပျက်ကြီးထဲ လူမဆန်တဲ့ကောင်တွေ များလာပြီ အသွားအလာ အထူးဂရုစိုက်ကြပါ

News

ခေတ်ပျက်ကြီးထဲလူမဆန်တဲ့ကောင်တွေ များလာပြီအသွားအလာဆင်ခြင်ကြပါ

အားလုံးသတိထားသွားလာကြရအောင်ပါ စနေနေ့ညနေက အိမ်ရှင်နဲ့ပွဲစားရယ် အိမ်ငှားမယ့်အမျိုးသားသုံးယောက်လောက်ရယ်

ညီမတို့အိမ်ကိုရောက်လာပြီး ၆လချုပ်ထပ်မချုပ်နိုင်ရင် ပြောင်းပေးဖို့ပြောပါတယ်။

အဲ့ဒါနဲ့ ဒီလအတွက်အသုံးစရိတ်တောင်အနိုင်နိုင်ပို့ရမယ့် အဖေက သူ့အလုပ်ထဲကလူတွေဆီကနေ

တောင်းတောင်းပန်ပန်နဲ့ လှည့်ပတ်ချေးငှားပြီး တနယ်တကျေးကနေ မရရ အောင်ပို့ပေးလိုက်တယ်။

အဲ့ပိုက်ဆံလေးကို ဒီနေ့ညနေ ၄နာရီလောက်ကညီမတို့မြေးဖွားနှစ်ယောက်သွားထုတ်ကြတယ်။

ငွေထုတ်ပြီး #ဒဂုံဆိပ်ကမ်းမြို့နယ် #၇၇ရက်ကွက် #မြနန္ဒာလမ်းအတိုင်း လမ်းလျှောက်ပြီးပြန်လာခဲ့ကြတာပါ

အဲ့မှာအဖွားက ညစာအတွက် အိမ်ရောက်မှချက်ပြုတ်ရင် မှီမှာမဟုတ်တော့လို့

ဟင်းတစ်ခါထဲဝယ်သွားရအောင်ဆိုပြီး ထမင်းဆိုင်ဘက်ကလှည့်ပြန်ဖို့လမ်းအချိုးတိုင်းဝင်သွားလိုက်ကြတယ်။

မြေးဖွားနှစ်ယောက်စကားတပြောပြောနဲ့သွားနေတုန်း ညီမတို့အနောက်ကနေ ဆိုင်ကယ်တစ်စီးနဲ့ကျော်တက်သွားတယ် ယောကျ်ားနှစ်ယောက်ပါတယ် ရှေ့ကတစ်ယောက်မောင်းတယ် နောက်မှတစ်ယောက်ထိုင်တာ။

ညီမတို့လည်းအမှု့မဲ့ အမှတ်မဲ့ပဲ ကိုယ့်လမ်းကိုယ်သွားနေတာပေါ့။

ခပ်လှမ်းလှမ်းရောက်မှာ အနောက်ကထိုင်တဲ့လူက အဖွားလက်ထဲက အိတ်ကိုမြင်သွားတယ်ထင်ပါတယ် ရှေ့ကလူကိုအချက်ပြပြီး ဆိုင်ကယ်ကိုပြန်ကွေ့ချလာတယ်။

ညီမလည်း ပိုက်ဆံပါလာတာကိုသတိရပြီးစိတ်မချဖြစ်တာနဲ့ အဖွားလက်ထဲကအိတ်ကို တောင်းယူပြီး လက်ထဲကျစ်ကျစ်ပါအောင်ကိုင်ထားလိုက်တယ်

ပြီးတော့အဖွားကိုလည်း နေရာချင်းချိန်းပြီး လမ်းဘေးဘက်ကိုထားလိုက်တယ်။

ထင်တဲ့အတိုင်းပါပဲ ပြန်လှည့်လာတဲ့ဆိုင်ကယ်က ညီမတို့ဘေးရောက်တော့ထိုးရပ်ပြီး အနောက်ကကောင်က အိတ်ကိုပြေးဆင်းပြီးလုတယ်။

အဲ့ချိန်မှာ ဆိုင်ကယ်မောင်းတဲ့ကောင်က အသင့်မောင်းပြေးလို့ရအောင်ထင်ပါတယ် ဆိုင်ကယ်ကိုတစ်ပတ်ပြန်ကွေ့တယ်။

ညီမလည်း အိမ်လခချုပ်ရမယ့်ပိုက်ဆံလည်းဖြစ် နောက်တစ်ခါပြန်ရှာဖို့လည်းမလွယ်တော့ စိတ်ဇောနဲ့ မရရအောင်ပြန်ဆွဲထားတာ။

အတင်းပြန်ဆွဲထားပြီး ပတ်ဝန်းကျင်ကိုအော်ဟစ်ပြီးအကူညီတောင်းတယ် စိတ်ကလွတ်သွားတော့ အဲ့ကောင်တွေကိုလည်း ပြောမိပြောရာတွေ အော်ပြောမိတာ။

အဖွားကလည်း အဲ့ကောင်လက်ကိုကိုင်ပြီး မလုပ်ကြပါနဲ့သားတို့ရယ်ဘာညာနဲ့

တဖွဖွတောင်းပန်နေတာပေါ့။ အဲ့ဒါကိုအဲ့ကောင်က အဖွားကိုဆောင့်တွန်းပြီး ညီမကိုထိုးပါတယ် ညာဖက် မျက်လုံးနားကို ၄ချက် ၅ချက်လောက် ဆင့်ပြီးထိုးပါတယ် နှုတ်ခမ်းကိုလည်းထိပါတယ်။

အဲ့မှာ ညီမလည်းအရှိန်နဲ့ဆိုတော့ မြေပြင်ပေါ် အရုပ်ကြိုးပြတ်လဲကျသွားတာပဲ။

အဖွားကလည်း အဲ့ကောင်တွန်းလိုက်လို့ဖင်ထိုင်ရပ်ကျပြီး လူကြီးဆိုတော့ပြန်မထနိုင်ဘဲ မြေပြင်ပေါ်မှာထိုင်ရပ်လေး တောင်းပန်နေရတယ်။

ညီမလက်ထဲကအိတ်ကိုလည်း အဲ့ကောင်ရသွားပြီ။အဲ့ဒါကို မကျေနပ်နိုင်သေးဘဲ လဲနေတဲ့ညီမကို ဆဲဆိုပြီး ခြေထောက်နဲ့ နံရိုးဘက်ခြမ်းကို ထပ်ကန်ပါတယ်။

၅ချက်လောက်ကန်ပြီးမှ ဆိုင်ကယ်ပေါ်ကကောင်က လှမ်းခေါ်လို့ ဆိုင်ကယ်ပေါ်ပြေးတက်ပြီး မောင်းထွက်သွားပါတယ်။

အဖြစ်ပျက်က စက္ကန့်ပိုင်းအတွင်းမှာ မြန်မြန်ဆန်ဆန်ကိုဖြစ်ပျက်သွားတာပါ။

ညီမလည်းသွေးပူနေတော့ နာရကောင်းမှန်းမသိဘူး အတင်းကုန်းထ အော်ဟစ်အကူညီတောင်းပြီး ပြေးလိုက်မိသေးတယ် ၄နာရီပဲရှိသေးတော့ လမ်းပေါ်မှာလူသိပ်မထွက်ကြသေးဘူးထင်ပါတယ် အကူညီပေးမယ့်လူလည်းမရှိတော့ ဘယ်လိုမှလိုက်လို့မရတော့ပါဘူး။

အဲ့ဒါနဲ့ပဲ အဖွားဆီပြန်သွား အဖွားကိုတွဲထူပြီး အကူညီတောင်းဖို့ လမ်းသွားလမ်းလာ ကိုစောင့်နေလိုက်တယ်။

ခဏလောက်ကြာမှ ဆိုင်ကယ်တစ်စီးနဲ့ အကိုကြီးတစ်ယောက် အဲ့နားကဖြတ်လာလို့ အကြောင်းစုံရှင်းပြပြီး အကူညီတောင်းတော့ အဲ့အကိုကြီးက ဆေးခန်းပါလိုက်ပို့ပေးဖို့လုပ်ပါတယ်

ညီမလည်းဆိုးဆိုးရွားရွား ထိခိုက်တာသိပ်မရှိလို့ ဆေးခန်းမသွားတော့ဘဲ အိမ်ကိုပဲပြန်ပို့ပေးခိုင်းခဲ့ပါတယ်။

အဖွားကလည်းတစ်လမ်းလုံးငိုယို ပြီးသွေးပေါင်တွေလည်းတက်လာလို့ အိမ်ရောက်မှဆေးခန်းတစ်ခါပြန်သွားလိုက်ရသေးတယ်။ အိတ်ထဲထည့်ထားတဲ့ အိမ်စာချုပ်ချုပ်ဖို့(၆)သိန်းနဲ့

ဒီလအတွက်အသုံးစရိတ် (၁)သိန်း (၂)သောင်းကျော်လောက် အားလုံးပေါင်း (၇)သိန်းကျော် ပါသွားပါတယ်ရှင်။

သူတပါး ပစ္စည်းဥစ္စာကို မတရားတဲ့နည်းလမ်း အောက်တန်းကျတဲ့စိတ်ဓာတ်တွေနဲ့ အတင်းအဓ္ဓမ လုယူပြီးရလာတဲ့ပိုက်ဆံတွေ နင်တို့ဘယ်လောက်စားနိုင်မလဲ စားစမ်းပါ ငါတို့မေတ္တာပို့ပေးနေပါတယ်

အဖွားကလည်းမေတ္တာပို့ပေးနေပါတယ် ငါတို့ခံရသလိုမခံရပါစေနဲ့ နင်တို့တွေ။

ဒီလိုအချိန်မျိုးကိုမှ အခွင့်ကောင်းယူပြီး လုပ်စားရက်တဲ့ကောင်တွေနေရာတိုင်းမှာရှိပါတယ် သတိနဲ့သွားလာကြပါ ညီမတို့လည်း ဘာဆက်လုပ်ရမလဲဆိုတာမသိတော့ဘူး

ကိုယ်ထမင်းမငတ်ဖို့အတွက်နဲ့ သူတပါးဒုက္ခကိုမငဲ့တဲ့လူတွေအများကြီးရှိပါတယ် အသွားအလာဆင်ခြင်ကြပါ

Credit

Leave a Reply

Your email address will not be published.