စာနာမှုအကူအညီ ပြည်ပ ကြီးကြပ်မှုလက်မခံကြောင်း စစ်ကောင်စီတုံ့ပြန်

News

စာနာမှုအကူအညီ ပြည်ပ ကြီးကြပ်မှုလက်မခံကြောင်း စစ်ကောင်စီတုံ့ပြန်

မြန်မာနိုင်ငံအအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းတွေမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်း စစ်ကောင်စီဘက်က ပြန်လည် တုံ့ပြန်ပြောဆိုပါတယ်။ အကူအညီတွေကို ရောက်အောင်ပို့ချင်တဲ့နေရာ ပို့ပေးဖို့ အာမခံထားပေမယ့် အပြင်ကအဖွဲ့အစည်းတွေရဲ့ စိတ်ကြိုက် စီမံတာမျိုးကိုတော့ ခွင်ြ့ပုလို့မရဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA ကို ပြောပါတယ်။ ကိုငြိမ်းချမ်း ဆက်ပြီး တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားရေး အကူအညီပေးဖို့ ပေါင်းစပ်ညှိနှိုင်းရေးအတွက် စစ်ကောင်စီက လိုအပ်တဲ့ပူးပေါင်းဆောင်ရွက်တာမရှိဘူးလို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah မနေ့က ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က အခုလို တုံ့ပြန်လိုက်ပါတယ်။

“လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စတွေမှာ ကျနော်တို့ရဲ့အစိုးရရဲ့မူဝါဒအတိုင်းပဲ သွားပါ၊ ကျနော်တို့ အနေနဲ့ သူတို့ရောက်စေချင်တဲ့နေရာ၊ ပို့စေချင်တဲ့နေရာတွေကို ရောက်အောင်လုပ်ပေးမယ်ဆိုတာကို ကျနော်တို့ အာမခံပြီးဖြစ်တယ်။ သို့သော် တချို့နေရာတွေမှာတော့ သူတို့အနေနဲ့ကတော့ ကိုယ်တိုင်ပေါ့နော်-ကြီးကြပ်လုပ်ဆောင်ချင်တဲ့သဘောရှိတယ်။ နိုင်ငံတကာမှာလည်း အဲလိုမျိုး မရှိပါဘူးဗျာ။ ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ကျတော့ ကျနော်တို့အနေနဲ့ ကတော့ ယခင်ကတည်းကအတိုင်း ပွင့်ပွင့်လင်းလင်း ပြောပြီးဖြစ်တယ်။ ဥပမာအနေနဲ့-ကျနော်တို့ ဂျပန်နိုင်ငံကနေ ကူညီတဲ့အကူအညီတွေပေါ့။ နိပွန်ဖောင်ဒေးရှင်း-အဲဒီကနေ ကူညီတဲ့အကူအညီတွေပေါ့။

ဆန်တွေကူညီတာရှိတယ်။ ဘယ် EO တွေကိုပို့ပေးပါ၊ ဘယ်ဒေသကိုပို့ပေးပါ – ကျနော်တို့ ရောက်အောင် ပို့ပေးနိုင်ခဲ့တယ်။ ရောက်အောင် ပို့လည်း ပို့ပေးခဲ့တယ်။ လက်တွေ့လည်း လုပ်ဆောင်ပေးခဲ့တယ်။ ကိုဗစ်အစီအစဉ်မှာလည်း ဒီအတိုင်းပဲဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ကတော့ နိုင်ငံတော် အစိုးရရဲ့ကြီးကြပ်မှုပေါ့နော်။ ဝန်ကြီး ဦးကိုကိုလှိုင်တို့ ပို့ပေးတဲ့အဖွဲ့၊ ဝန်ကြီးဌာနတွေပါဝင်တဲ့အဖွဲ့တွေရဲ့ကြီးကြပ်မှုနဲ့ပဲ ကျနော်တို့ ဆက်လက် လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်ဗျား။”

လူသားချင်းစာနာထောက်ထားမှု အကူအညီပေးဖို့ မြန်မာအလုပ်အဖွဲ့ကို ဖွဲ့စည်းရာမှာ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နဲ့ အာဆီယံ နိုင်ငံတွေက အရပ်ဘက်အဖွဲ့အစည်းတွေပါဝင်ကြဖို့ ချမှတ်ခဲ့ပေမယ့် လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မူမရခဲ့ဘူးလို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ “နိုင်ငံတကာ အဖွဲ့အစည်းတွေက အဓိပ္ပါယ်ရှိရှိ အလုပ်အဖွဲ့မှာ ပိုပြီးပါဝင်ဖို့လိုလားပါတယ်။” လို့ မစ္စတာ Saifuddin Abdullah က ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ ဗိုလ် ချုပ်ဇော်မင်းထွန်းက အခုလို တုံ့ပြန်ပြောဆိုပါတယ်။

“နိုင်ငံတကာမှာ မည်သည့်နိုင်ငံမှပေါ့နော်-သူတို့နိုင်ငံအပါအဝင် ဘယ်နိုင်ငံမှာမဆို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စတွေဟာ လက်ရှိဖြစ်နေတဲ့၊ ရှိနေတဲ့အစိုးရရဲ့စီမံခန့်ခွဲမှုနဲ့ ပူးပေါင်းဆောင်ရွက်ရတာပဲဖြစ်ပါတယ်။ သူတို့အာဆီယံက ကျနော်တို့ အာဆီယံအကူအညီပေးရေး aid တွေမှ မဟုတ်ပါဘူး။ ကျန်တဲ့နေရာတွေမှာလည်း အဲလိုပါပဲ။ ကျနော်တို့ အနေနဲ့လက်ရှိမှာ နိုင်ငံတကာအဖွဲ့အစည်းတွေရှိတယ်။ ကုလသမဂ္ဂမှာရှိတဲ့ ကျနော်တို့ ယူနီဆက်ဖ် လိုအဖွဲ့ အစည်းမျိုးတွေ ရှိတယ်။

သူတို့ ပူးပေါင်းဆောင်ရွက်လျှက်ရှိတာကို တွေ့နိုင်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲနဲ့ အစိုးရရဲ့ပြင်ပမှာ agenda (လုပ်ငန်းစဉ်) တွေနဲ့ လုပ်ဆောင်လို့တော့ မရဘူးလို့ပဲ ပြောချင်ပါတယ်။”

ဒေသန္တရအရင်းအမြစ်ကနေ တိကျတဲ့ သတင်းအချက်အလက်တွေ ရရှိရေး၊ ဘေးဒဏ်ခံ ပြည်သူတွေရဲ့အသံကို နားထောင်ရေးနဲ့ တာဝန်ခံမှု၊ ပွင်းလင်းမြင်သာမှုနဲ့ အကဲဖြတ်ကြည့်ရှုနိုင်ရေးအတွက် မူဘောင်ချမှတ်ရေးတို့ဟာ တိုးတက်အောင် လုပ်ရမယ့် နယ်ပယ်တွေ ဖြစ်ကြောင်းလည်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ထောက်ပြသွားပါတယ်။

အကူအညီပေးရာမှာ မျက်နှာလိုက်မှာ၊ ခွဲခြားဆက်ဆံမှာတွေကို ပူပန်ကြောင်းလည်း သူက ပြောပါတယ်။ ရံပုံငွေမရှိတာနဲ့ ပဋိပက္ခဒဏ်ကို ခံကြရသူတွေ တကယ့် လိုအပ်ချက်အတိုင်း အကူအညီတွေ ပေးနိုင်ရေးတို့ဟာ စိန်ခေါ်ချက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ လူသားချင်းစာနာမှုအကူအညီတွေကို နယ်စပ်ဒေသအဖွဲ့အစည်းတွေကတဆင့် ပေးပို့ဖို့ တောင်းဆိုထားပါတယ်။

“အစိုးရရဲ့ရေးဆွဲထားတဲ့ မူဝါဒတွေရှိတယ်။ လုပ်ငန်းစဉ်တွေရှိတယ်။ အဲဒီလုပ်ငန်းစဉ်ကိုသွေဖြည်ပြီးမှ လုပ်ချင်နေတာတွေရှိတယ်။ လုပ်ချင်တာမျိုးတွေရှိတယ်။ ဒါတွေကတော့ မည်သည့်အစိုးရမှ ကျနော်တို့ ခွင့်ပြုတာမရှိပါဘူး။ ဒီဟာကိုအမည်ခံပြီးတော့ လက်နက်ကိုင် သောင်းကျန်းနေတဲ့အဖွဲ့တွေဆီကို ပို့ချင်တဲ့အနေအထားမျိုးတွေရှိတယ်။ ဒါတွေကတော့ ဘယ်နိုင်ငံကမှ လက်ခံနိုင်တဲ့အနေအထား မရှိတဲ့အနေအထားဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။”

မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားရေး အကူအညီပေးဖို့ စစ်ကောင်စီဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြေဆိချက်အပေါ် စစ်ကောင်စီဘက်က တုန့်ပြန်ပြောဆိုသွားတာပါခင်ဗျာ။

Crd

Leave a Reply

Your email address will not be published.