အကြမ်းဖက်စစ်ကောင်စီ၏ မတရားသေဒဏ်အမိန့် ချမှတ်ထားသူများထဲတွင် အမျိုးသမီး ၉ ဦးပါဝင်နေ

News

အကြမ်းဖက်စစ်ကောင်စီ၏ မတရားသေဒဏ်အမိန့် ချမှတ်ထားသူများထဲတွင် အမျိုးသမီး ၉ ဦးပါဝင်နေ

ရန်ကုန်၊ ဇူလိုင် ၂၇
လူငယ့်ခေတ်

အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ပေါ်လာခဲ့သည့် နွေဦးတော်လှန်ရေးကာလအတွင်း ဆန့်ကျင်တော်လှန်သူများ ကို မတရားဖမ်းဆီးကာ သေဒဏ်အမိန့်ချမှတ်ထားသူ ၇၂ ဦးတွင် အမျိုးသမီး ၉ ဦးပါဝင်နေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ယနေ့သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ အမျိုးသမီး ၉ ဦးမှာ မမြင့်မြင့်အေး၊ မမိုးမိုးမြင့်အောင်၊ မဇင်မာထွန်း၊ မလှလှနိုင် (ခ) မနိုင်၊ ဆောင်းလေပြေ (ခ) ဇူးဇူး၊ မခင်ဝင့်ကျော်မောင်၊ မဆုဝေနှင်း၊ မဆုမြတ်သွယ်နှင့် မချိုချို တို့ဖြစ်ကြပြီး လူသတ်မှု၊ အကြမ်းဖက်မှုပုဒ်မများ၊ အကျိုးဖျက်ဆီးမှု စသည့် မတရားပုဒ်မများတပ်ကာ ဖမ်းဆီးခဲ့ပြီးနောက် စစ်ခုံရုံးက တဖက်သတ်အမိန့် သေဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

AAPP အနေဖြင့် ယခုနှစ်၊ ဇူလိုင်လ ၂၆ ရက်အထိ ကောက်ယူထားသည့် စာရင်းများအရ အကြမ်းဖက်စစ်တပ်က အာဏာသိမ်း ယူခဲ့သည့်အချိန်မှစ၍ မတရားဖမ်းဆီးကာ သေဒဏ်အမိန့်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၇၂ ဦးတို့သည်လည်း ထပ်မံ၍ တရားလက်လွတ် သတ်ဖြတ်ခံရမည့် အခြေအနေဖြင့်ရင်ဆိုင်နေရကြောင်း ထည့်သွင်းရေးသားထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၆ ရက်အထိ နွေဦးတော်လှန်ရေးအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူပေါင်း ၁၁၇၉၅ ဦးရှိပြီး ၎င်းတို့အနက်မှ ၁၃၄၈ ဦး သည် ပြစ်ဒဏ်အသီးသီး ချမှတ်ခံထားရကာ ထိုပြစ်ဒဏ်ချမှတ်ခံထားရသူများအနက်မှ ၇၂ ဦးမှာ သေဒဏ်ချမှတ်ခံထားရသူများဖြစ်သည်။

ထို့ပြင် မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ ၄၁ ဦးရှိနေခြင်းကြောင့် သေဒဏ်ချမှတ်ခံထားရသူစုစုပေါင်း ၁၁၃ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စာရင်းများအရသိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဇူလိုင် တတိယပတ်အတွင်း ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ ၄ ဦးကို မတရားသေဒဏ်ပေး စီရင်လိုက်ကြောင်း ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်ကကြေညာခဲ့ပြီး မိသားစုများထံသို့ အလောင်းပင် ပြန်မပေးဘဲ တိတ်တဆိတ်သင်္ဂြိုလ်ခဲ့သည်။

ယင်းသေဒဏ်ပေးမှုသည် နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြန်လည် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အကျဉ်းထောင်လက်စွဲဥပဒေပုဒ်မ ၁၀၂၇ အရ သေဒဏ်ကွပ်မျက်ခံရသူများအား မီးသင်္ဂြိုလ်ခွင့်မရှိဘဲ သင်္ချိုင်းမြေ နေရာများတွင် မှတ်တိုင်စိုက်ထူ၍ သေဆုံးသူ၏ အမည်၊ နေရပ်လိပ်စာနှင့် သေဆုံးသည့်နေ့ရက်တို့ကို ရေးသား ဖော်ပြကာ မြှုပ်နှံရမည် ဖြစ်သော်လည်း ထိုဥပဒေပြဌာန်းချက်များတိုင်းပြုလုပ်ရန် အကြမ်းဖက်စစ်တပ်က ပျက်ကွက်ခဲ့သည်။

၎င်းတို့သည် ပြဌာန်းထားသော အကျဉ်းထောင်လက်စွဲဥပဒေကို ကျော်လွန်၍ ကိုဂျင်မီ၊ ကိုဖြိုး ဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရတို့အပေါ် သေဒဏ်စီရင်ကာ တိတ်တဆိတ်သင်္ဂြိုလ်လိုက်ခြင်းသည် လူသတ်အလောင်းဖျောက်မှု မြောက်သည်ဟုလည်း AAPP ကဆိုထားသည်။

ဓာတ်ပုံ- မတရားသေဒဏ်အမိန့် ချမှတ်ခံထားရသူ အမျိုးသမီးများ

ဖြည့်စွက်ချက်- အထက်ပါသတင်းတွင် ပါရှိသော၊ AAPP ထုတ်ပြန်ချက်အရ ဖော်ပြခဲ့သော မတရားသေဒဏ်အမိန့် ချမှတ်ခံရသည့် အမျိူးသမီး ၉ ဦးအနက် မဆောင်းလေပြေ (ခ) ဇူးဇူးမှာ မတရားအမိန့် သေဒဏ်ကျခံရမှုမှ အယူခံအောင်မြင်ခဲ့ကြောင်း ကာယကံရှင်မိသားစု ပြောကြားထားသည်။

Crd

Leave a Reply

Your email address will not be published.