NUG ၊ CRPH ၊ KNU ၊ KNPP ၊ CNF ၊ ABSDF နဲ့ NLD တို့ စုပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများရဲ့ တော်လှန်ရေး သန္နိဌာန် ကြေညာချက် ထုတ်ပြန်
ယခုထုတ်ပြန်ချက်က ဖက်ဆစ် စစ်အာဏာရှင် စနစ်မြေလှန်ပစ်မယ့် ပြည်သူ့တော်လှန်ရေး အဆုံးသတ်တိုက်ပွဲ ခရာတွတ်သံ ဖြစ်တယ်လို့ ဖော်ပြထား
ဇူလိုင် ၂၆ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့စု ပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများရဲ့ တော်လှန်ရေး သန္နိဌာန် ကြေညာချက်ကို ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက် ပါတယ်။




ထုတ်ပြန်ချက်ထဲမှာ အကြမ်းဖက်စစ်ကောင်စီက ဦးဂျင်မီ (ခ) ဦးကျော်မင်းယု၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးကြောင်း ၂၀၂၂ခုနှစ် ဇူလိုင်လ (၂၄) ရက်မှာသတင်းထုတ်ပြန်ခဲ့တယ် လို့ ဖော်ပြထားသလို အဲဒီပြစ်ဒဏ်စီရင်မှုက ပြဌာန်း သတ်မှတ်ထားတဲ့ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေနဲ့ ညီညွတ်မှု လုံးဝမရှိတဲ့ အကြမ်းဖက် လူသတ်မှု သက်သက်သာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၉) ရက် နေပြည်တော်မှာ မမြသွဲ့သွဲ့ခိုင်ကို ကျည်အစစ်နဲ့ ဦးခေါင်းကို ပစ်ခတ်ချိန်မှစပြီး နေ့စဉ်ရက်ဆက် အကြမ်းဖက် သတ်ဖြတ်မှုတွေကို ဥပဒေမဲ့ လက်ရဲဇက်ရဲ ကျူးလွန်နေတဲ့ ဖက်ဆစ်စစ်အုပ်စုရဲ့ ခွင့်မလွှတ်နိုင်တဲ့ နောက်ထပ် ရာဇဝတ်မှုကြီးတစ်ခု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။




ဒါအပြင် ခေတ်အဆက်ဆက် ပြည်သူလူထုကို အထူးသဖြင့် လူနည်းစုတိုင်းရင်းသားတွေကို ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအား ထပ်မံ အတည်ပြုလိုက်တာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
အကြမ်းဖက် စစ်ကောင်စီကို အပြုသဘောနဲ့ ဆက်ဆံချဉ်းကပ်တာက ပြေလည်စေမယ့် အဖြေဖြစ်နိုင်လိမ့်မယ်လို့ ယုံကြည်နေသူတွေအနေနဲ့လည်း အကြမ်းဖက်စစ်ခေါင်းဆောင်တို့ရဲ့ သဘောထားအမှန်ကို နားလည်သဘော ပေါက်သင့်ပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ထောက်ပြပြောဆိုထားတာတွေ့ရပါတယ်။




ဒါကြောင့် နိုင်ငံရေးပါတီတွေ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်တွင်းပြည်ပရှိ ပြည်ထောင်စုဖွားအားလုံးက အကြမ်းဖက်စစ်ကောင်စီနဲ့ ဖက်ဆစ်စနစ်ကို ကျွန်ုပ်တို့နဲ့ ပူးပေါင်းပြီး ညီညီညွတ်ညွတ်နဲ့ ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းပေါင်းစုံနဲ့ အမြစ်ပြတ်တဲ့အထိ ပြတ်ပြတ် သားသားတော်လှန်ကြရမှာလည်းဖြစ်ပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ မိတ်ဖက်နိုင်ငံတွေအနေနဲ့ နိုင်ငံရေးနည်းလမ်းကို ငြင်းပယ်ထားတဲ့ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီကို အပြစ်ပေးအရေးယူနိုင်ရေး၊ ပိတ်ဆို့ဟန့်တားရေးနဲ့ တော်လှန်ရေးကို ဆင်နွှဲနေတဲ့ ပြည်သူလူထုနဲ့ အင်အားစုအားလုံးကို အဖက်ဖက်မှ ကူညီပံ့ပိုးရေး တို့ကို လက်တွေ့ကျကျ ထိရောက်စွာ အရှိန်မြှင့်ဆောင်ရွက်ပေးကြဖို့ အတွက်လည်း တောင်းဆိုထားပါတယ်။




ပြည်သူ့တော်လှန်ရေး ပန်းတိုင်က ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဆန့်ကျင် တိုက်ဖျက်ပြီးနောက် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်ရန်ဖြစ်တယ်ဆိုတဲ့ အချက်မှာ တော်လှန်ရေး အင်အားစုတွေရဲ့ ဘုံတူ ညီတဲ့ရည်မှန်းချက်အဖြစ် ရှင်းလင်းပြတ်သားပြီးဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယခုထုတ်ပြန် ကြေညာချက်က ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများ ဆင်နွဲနေတဲ့ ဖက်ဆစ် စစ်အာဏာရှင် စနစ်မြေလှန် ပစ်မယ့် ပြည်သူ့တော်လှန်ရေး အဆုံးသတ်တိုက်ပွဲတွေရဲ့ ခရာတွတ်သံ ဖြစ်တယ်လို့ ဆိုထားပါတယ်။




ပြည်သူလူထုတစ်ရပ်လုံးရဲ့ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်မှုနဲ့ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး၊ အုပ်ချုပ်ရေး စစ်မျက်နှာစုံမှာ ဖြစ်နိုင်တဲ့နည်းလမ်းအားလုံးကို အသုံးပြုပြီး ဖက်ဆစ်စစ်အာဏာရှင်စနစ် အမြစ်ဖြတ်မယ့် ပြည်သူ့တော်လှန်ရေး အမြန်ဆုံးအောင်မြင်အောင် ညီညီညွတ်ညွတ် မဆုတ်မနစ် ဆန့်ကျင်တွန်းလှန်တိုက်ပွဲဝင် သွားမှာ ဖြစ်တယ်လို့ ခိုင်မာတဲ့ သန္နိဌာန်နဲ့ အဓိဌာန်ပြုတယ်ဆိုပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
Crd