ဘောလုံးသမားဘဝမှ ​အောင်​မြင်​​ကျော်​ကြားတဲ့ ရုပ်ရှင်မင်းသား ဖြစ်လာခဲ့သူ ကောလိပ်ဂျင်နေဝင်း ဘဝ

News

ဘောလုံးသမားဘဝမှ ​အောင်​မြင်​​ကျော်​ကြားတဲ့ ရုပ်ရှင်မင်းသား ဖြစ်လာခဲ့သူ ကောလိပ်ဂျင်နေဝင်း ဘဝ

မင်းသားကြီး ကောလိပ်ဂျင်နေဝင်း ဟာ ၁၉၂၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှာ အဖ ဦးသက်ဖေ၊ အမိ ‌ဒေါ်တင် တို့မှ ဟင်္သာတမြို့နယ်မှာ မွေးဖွားခဲ့ပါတယ်။

ဖခင်ဖြစ်ဟာ အငြိမ်းစားရဲဝန်ထောက်တစ်ဦးဖြစ်ပြီး မိခင်ကတော့ ကျောင်းဆရာမတစ်ဦးဖြစ်ပါတယ်။ တစ်ဦးတည်းသောသားဖြစ်ပြီး ငယ်နာမည်ကတော့ နေဒွန်းလို့ လူသိများခဲ့ပါတယ်။ အတန်းပညာကိုတော့ ဟင်္သာတမြို့၊ ကမ်းမင်း ဟိုက်စကူးကျောင်းမှာ သင်ကြားခဲ့ပါတယ်။

ဘဝပေးအခြေအနေအရ နွားနို့လှည့်လည်ရောင်းချပြီး ပညာသင်ကြားခဲ့ရပါတယ်။ အားတဲ့အချိန်တွေမှာတော့ သူဝါသနာပါတဲ့ ဘောလုံးအားကစားကို ကြိုးစားလေ့ကျင့်ခဲ့ပါတယ်။ အခြေအနေအမျိုးမျိုးကြောင့် ပညာရေး တစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်ခဲ့ပြီး ၁၉၄၆ ခုနှစ်မှာ တပ်မတော်(ရေ) သို့ ဝင်ရောက် အမှုထမ်းခဲ့ပါတယ်။

ရေတပ်ထဲမှာ ၅ နှစ်ကြာအောင်အမှုထမ်းခဲ့ပြီး ၁၉၅၁ ခုနှစ်မှာတော့ ရေတပ်ကနေ နှုတ်ထွက်ပြီး ရန်ကုန်တက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြားခဲ့ပါတယ်။ တက္ကသိုလ်တက်ရောက်စဥ်အတွင်းမှာတော့ တက္ကသိုလ် အားကစားအရာရှိ ဦးငြိမ်းဆိုတဲ့သူတဲ့ စောင့်ရှောက်မှုနဲ့ အဆောင်မှာနေထိုင်ပြီး ပညာသင်ကြားခဲ့ပါတယ်။

တစ်ဖက်ကလည်း တက္ကသိုလ် ရေကူးကန် ကြီးကြပ်ရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။ ဘောလုံးအားကစားမှာ ထူးချွန်သူပီပီ ရန်ကုန်တက္ကသိုလ် လက်ရွေးစင် ဘောလုံးအသင်းမှာ ရှေ့တန်းကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။

၁၉၅၅ ခုနှစ်မှာ‌တော့ မြန်မာ့လက်ရွေးစင် ဘောလုံးသမားအဖြစ် ရွေးချယ်ခံခဲ့ရပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံတွေမှာ သွားရောက် ကစားခဲ့ပြီး ခြေစွမ်းပြခဲ့ပါတယ်။ နိုင်ငံတကာပွဲစဥ်တွေမှာ မြန်မာအသင်းနဲ့အတူ လိုက်ပါကစားခဲ့ပြီး ၁၉၅၆ ခုနှစ်မှာတော့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကချီးမြှင့်တဲ့ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားကို ရရှိခဲ့ပါတယ်။

၁၉၅၈ ခုနှစ်မှာတော့ ရန်ကုန်တက္ကသိုလ်ကနေ ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့ပါတယ်။ဘွဲ့ရပြီး အလုပ်ရှာနေချိန်စဥ်အတွင်းမှာပဲ ကျောင်းတုန်းက အားကစားအရာရှိ ဦးငြိမ်းက ဆက်သွယ်လာခဲ့ပါတယ်။ အကြောင်းအရာကတော့ ဇမ္မူအေးရုပ်ရှင်မှ ဒါရိုက်တာ ဦးချင်းစိန်ဟာ စာရေးဆရာကြီး ဇဝနရဲ့ ကျော်ကြားလှတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ ကောလိပ်ကျောင်းသားဝတ္ထုကို ကောလိပ်ဂျင်အမည်နဲ့ ရိုက်ကူးဖို့ စီစဥ်လျှက်ရှိပြီး အဓိကဇာတ်ဆောင်နေရာမှာ

နာမည်ရှိပြီးသားမင်းသားတွေကို အသုံးမပြုလိုဘဲ ကျောင်းသားဇာတ်ရုပ်နဲ့ လိုက်ဖက်တဲ့ မျက်နှာသစ်မင်းသားတစ်ယောက်ကို ရှာဖွေနေကြောင်းပြောပြခဲ့ပါတယ်။ မင်းသားရှာဖို့အတွက် သူ့ကို အကူအညီတောင်းထားတာကြောင့် ပြောပြရခြင်းဖြစ်ပြီး စိတ်ဝင်စားတယ်ဆိုရင် ဦးချင်းစိန်နဲ့ ဆက်သွယ်ရန် တိုက်တွန်းခဲ့ပါတယ်။

ဦးငြိမ်းရဲ့တိုက်တွန်းမှုကြောင့် သရုပ်ဆောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့ပြီး ဦးချင်းစိန်နဲ့ ဆက်သွယ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဒါရိုက်တာ ဦးချင်းစိန်က ကိုနေဝင်းကို သဘောတွေ့ခဲ့ပြီး အဓိကဇာတ်ဆောင် ကောလိပ်ကျောင်းသား သိန်းဖေအဖြစ် သရုပ်ဆောင်ရန် သဘောတူခဲ့ပါတယ်။

ဒါရိုက်တာ ဦးချင်းစိန်ဆိုတာကတော့ အေဝမ်းဝေဇင်၊ အေဝမ်းသိန်းဇော်၊ မြင့်စိုးစတဲ့ သရုပ်ဆောင်သစ်တွေကို မွေးထုတ်ပေးခဲ့ပြီး ဇာတ်ပို့မင်းသားထွန်းဝေကို ဗိုလ်မြဒင် ဆိုတဲ့ ဇာတ်ကားမှာ ခေါင်းဆောင်မင်းသားအဖြစ် တင်ရိုက်ပြီး အကယ်ဒမီရစေခဲ့တဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပါတယ်။

ကိုနေဝင်းရဲ့ မျက်နှာသွင်ပြင်၊ သွားဟန်လာဟန်၊ ပြောပုံဆိုပုံတွေဟာ ပျော်ပျော်နေတတ်တဲ့ ကျောင်းသား ကိုသိန်းဖေ ဇာတ်ရုပ်နဲ့ကွက်တိကျနေကြောင်း တွေ့ရှိခဲ့တဲ့အတွက် အင်မတန်သဘောတွေ့ခဲ့ပါတယ်။ အဲ့ဒီ့အချိန်က နာမည်ကြီးနေတဲ့ အကယ်ဒမီ ဖိုးပါကြီးလိုမျိုး ကျွဲကော်မျက်မှန်ကိုလည်း တပ်ဆင် သရုပ်ဆောင်စေခဲ့ပါတယ်။

အဲ့ဒီ့ခေတ်အခါက နယ်ပယ်အသီးသီးမှာ နေဝင်းအမည်တူတွေ များစွာရှိနေတဲ့အတွက် ဘောလုံးသမားအဖြစ် ကျော်ကြားပြီးသား သူ့ရဲ့ နေဝင်းဆိုတဲ့ အမည်နောက်မှာ ဘီအေ ကိုထပ်ပေါင်းပြီး နေဝင်း(ဘီ‌‌အေ) လို့ ကင်ပွန်းတပ်ခဲ့ပါတယ်။ ကောလိပ်ဂျင် ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ နေဝင်း(ဘီအေ) နဲ့အတူ အကယ်ဒမီ မြင့်မြင့်ခင်၊ သိန်းဆွေမြင့်၊ ချစ်ဆွေလေးနဲ့ ရွှေစင်မေတို့ ပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။

ဒီဇာတ်ကားကို ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရုံတင်ခဲ့ပါတယ်။ ရုံတင်စမှာတော့ မင်းသားအသစ်ဖြစ်တာကြောင့် ကြည့်ရှုသူနည်းပါးခဲ့ပြီး ပရိသတ်စိတ်ဝင်စားမှု သိပ်မရခဲ့ပါဘူး။ ဒါပေမယ့် ကြည့်ပြီးသူတွေရဲ့ positive review တွေကြောင့် တစ်စထက် တစ်စ လူများလာခဲ့ပြီး ဝင်ငွေစံချိန်တင်လောက်အောင် ဝက်ဝက်ကွဲအောင်မြင်ခဲ့ပါတယ်။

အဲ့ဒီ့အချိန်ကနေ စပြီးတော့ နေဝင်း(ဘီအေ) ကနေ ပရိသတ်က သူ့ကို ကောလိပ်ဂျင်နေဝင်းအဖြစ် သတ်မှတ်ပေးလိုက်ပါတော့တယ်။ ကောလိပ်ဂျင်နေဝင်းအဆိုတဲ့အမည်နဲ့ ဟာသရုပ်ရှင်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးခဲ့ပြီး အခါအားလျော်စွာ Drama, Action ကားတွေကိုပါ ရိုက်ကူးခဲ့ပါတယ်။

ကောလိပ်ဂျင်ဇာတ်ကားကနေ စတင်ပြီး သူမကွယ်လွန်ခင် အချိန်ထိ ရုပ်ရှင်ကားပေါင်း ခန့်မှန်းခြေ ၂၀၀ ကျော်အထိ ရိုက်ကူးခဲ့ပါတယ်။ ဒါရိုက်တာ ခင်စိုး ရိုက်ကူးခဲ့တဲ့ ပယင်းရောင် ဆိုတဲ့ ဇာတ်ကားမှာတော့ ဘဝကို နာကျည်းနေတဲ့ အရက်သမားကြီးအဖြစ် ပီပြင်စွာ သရုပ်ဆောင်နိုင်မှုကြောင့် ၁၉၆၉ ခုနှစ်အတွက်အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။

၁၉၇၉ ခုနှစ်မှာတော့ ဒါရိုက်တာ သုခ ရိုက်ကူးခဲ့တဲ့ အကာကအချစ်၊ အနှစ်ကမေတ္တာ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ သဘောမတူသူနဲ့ ပေါင်းဖက်ခဲ့လို့ မိတဆိုးသမီး ကို စွန့်ပစ်ခဲ့ပြီး မြေးကလေးအား တိတ်တခိုးချစ်ရသူ အဖြစ် သရုပ်ဆောင်ခဲ့ပြီး အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။ ကညာပျိုနဲ့ ဇရာအို ရုပ်ရှင်ဇာတ်ကားဟာ ကောလိပ်ဂျင်နေဝင်းအတွက် မှတ်တမ်းတစ်ခု ရေးထိုးနိုင်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

ကောလိပ်ဂျင်နေဝင်းဟာ ၁၉၆၂ ခုနှစ်မှာ ရဲဘော်သုံးကျိပ်အဖွဲ့ဝင် ဗိုလ်ဇေယျနဲ့ ‌ဒေါ်ခင်တင့်တို့ရဲ့ သမီးဖြစ်သူ ဒေါ်ခင်မာလာနဲ့ လက်ထပ်ခဲ့ပြီး မိုးမြင့်သော်တာ ရုပ်ရှင်ကုမ္ပဏီကျု တည်ထောင်ကာ ကိုယ်ပိုင်ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးထုတ်လုပ်ခဲ့ပါတယ်။

ဘာသာမတူသူနဲ့ လက်ထပ်ခဲ့ပေမယ့်လည်း သာယာတဲ့အိမ်ထောင်ရေးကို တည်ဆောက်နိုင်ခဲ့ပြီး ရာဇာနေဝင်းနဲ့ ဟေမာနေဝင်းတို့အပါအဝင် သားသမီးလေးယောက်ထွန်းကားခဲ့ပါတယ်။ ကောလိပ်ဂျင်နေဝင်းဟာ ၁၉၈၃ ခုနှစ်၊ ဇွန်လ ၂ ၇က်နေ့မှာတော့ ရန်ကုန်မြို့မှာပဲ ကွယ်လွန်ခဲ့ပါတယ်။

လူသာသေပြီး နာမည်မသေခဲ့တဲ့ ရုပ်ရှင်ဒါရိုက်တာ၊ မင်းသားကြီး ကောလိပ်ဂျင်နေဝင်းရဲ့ အနုပညာအမွေကို ဇနီးဖြစ်သူနဲ့ သားသမီးတွေက ဆက်ခံပြီး အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်လျှက်ရှိပါတယ်။

Crd

Leave a Reply

Your email address will not be published.