“ဂယက်ထသွားတဲ့ ကော်သူးလေတပ်မတော်”

News

“ဂယက်ထသွားတဲ့ ကော်သူးလေတပ်မတော်”

By Salween Press

KNDO ခေါင်းဆောင်ဟောင်း ဗိုလ်မှူးချုပ်စောနယ်ဒါးမြသည် KNDO စစ်ဦးစီးချုပ်အဖြစ် ရာထူးမှရပ်ဆိုင်းခံရပြီးနောက် သူကိုယ်တိုင်ဦးဆောင်မည့် ကော်သူးလေတပ်မတော် Kawthoolei Army ဖွဲ့စည်းလိုက်ကြောင်း တရားဝင်ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ကော်သူးလေတပ်မတော်ရဲ့စစ်ဦးစီးချုပ်သည် စောနယ်ဒါးမြဖြစ်ပြီး ဒု-စစ်ဦးစီးချုပ်မှာ စောဘာဝါးဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ ဒါ့အပြင် နိုင်ငံခြားရောက် ကရင်တချို့လည်း စောနယ်ဒါးမြဦးဆောင်သည့်တပ်ထဲမှာပါဝင်နေတယ်လို့ သိရှိရပါတယ်။

KNDO လက်အောက်ခံမှာရပ်တည်ခဲ့တဲ့ ဗိုလ်မှူးစောဝင်းမြင့် ဦးဆောင်ခဲ့သော VENON စစ်ကြောင်းကလည်း KNDO ကနုတ်ထွက်ကာ ကော်သူးလေတပ်မတော် Kawthoolei Army ထဲဝင်ရောက်ပူးပေါင်းလိုက်ကြောင်း ထုတ်ပြန်ပါတယ်။

သို့သော် KNDO စောနယ်ဒါးမြဦးဆောင်သည့် ကော်သူးလေတပ်မတော်မှာ တပ်အင်အားဘယ်လောက်ရှိလဲဆိုတာကိုတော့ တိတိကျကျမသိရပေ။
တကယ်တော့ ကော်သူးလေတပ်မတော် Kawthoolei Army အမှတ်တံဆိပ်ကို KNLA နှင့် KNDO တပ်ဖွဲ့ဝင်ရဲ့ယူနီဖောင်းမှာ (ရင်ဘတ်မှာ) တပ်ဆင်ဖို့ KNU စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေက စီစဉ်ထားတယ်လို့သိရပါတယ်။

မကြာသေးခင်က ထိုင်း-မြန်မာနယ်စပ်မှာကျင်းပခဲ့တဲ့ KNU/KNLA/KNDO စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေတက်ရောက်တဲ့အစည်းအဝေးတစ်ခုမှာလည်း ကော်သူးလေတပ်မတော်အကြောင်းကိုလည်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီအစည်းအဝေးမှာ တပ်မဟာဆိုင်ရာစစ်ဘက်ရေးရာနှင့်တာဝန်ရှိသူအသီးသီးတက်ရောက်ခဲ့ပြီး တာဝန်မှရပ်စဲခံလိုက်ရတဲ့ KNDO စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ်စောနယ်ဒါးမြလည်းပါဝင်တယ်လို့ အစည်းအဝေးတက်သူနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

“အစည်းအဝေးမှာ ဗိုလ်နယ်ဒါးကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးမှုအစီစဉ်တစ်ရပ်လုပ်တယ်။ သူ့အတွက်ကြီးမားတဲ့ဆွေးနွေးမှုတစ်ရပ်ဖြစ်တယ်။ ဆွေးနွေးမှုမှာ သူ့အစီအစဉ်ရောက်လာတော့ ဒီနေ့မလုပ်ပါနဲ့၊ မနက်မှလုပ်ပါလို့ပြောပြီး အဲ့ဒီညမှာဘဲအစည်းအဝေးနေရာက ပြန်ထွက်ခွာခဲ့တယ်။ မနက်အစည်းအဝေးလုပ်တဲ့အခါ သူမရှိတော့ဘူး” လို့ အစည်းအဝေးတက်ရောက်သူနဲ့နီးစပ်သည့်သတင်းရင်းမြစ်ကပြောပါတယ်။

ဇူလိုင်လ ၁၆ ရက်နေ့မှာ ဗိုလ်မှူးချုပ်ဟောင်း စောနယ်ဒါးမြဦးဆောင်သည့် Zoom အစည်းအဝေးတစ်ရပ်ကျင်းပပြုလုပ်ခဲ့ပြီး သူ့အနေနဲ့ကော်သူးလေတပ်မတော် Kawthoolei Army တည်ထောင်မည့်အကြောင်းပြောဆိုခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီအစည်းအဝေးမှာ သူ့ကိုထောက်ခံအားပေးသူတွေကတက်ရောက်ခဲ့ကြပါတယ်။ သူ့အနေနဲ့ KNDO အဖွဲ့အစည်းရဲ့ Badge တံဆိပ်လည်းအသုံးမပြုတော့ဘူးလို့ ထို Zoom အစည်းအဝေးမှာပြောဆိုခဲ့တယ်လို့ဆိုပါတယ်။

ဗိုလ်မှူးချုပ်ဟောင်း စောနယ်ဒါးမြဦးဆောင်သည့် ကော်သူးလေတပ်မတော်ဌာနချုပ်အခြေစိုက်မည့်နေရာကိုတော့ KNU တပ်မဟာ၆ ဥကရစ်ခီးဖြစ်မယ်လို့ဆိုပါတယ်။“ဌာနဆိုင်ရာစုဖွဲ့မှုတော့အစည်းဝေးမှာတစ်ခါတည်းလုပ်လိုက်တယ်။ တပ်ရင်းတပ်ဖွဲ့တော့ဖွဲ့စည်းမှုမလုပ်ရသေးဘူးလို့ပြောတယ်။ လက်ရှိစပြီးဖွဲ့လိုက်တဲ့ကာလမှာ တစ်လတစ်ကြိမ်တော့ Zoom meeting ရှိမယ်။ ရက်တော့အတိအကျမသိရဘူး” လို့အမည်မဖော်လိုသူတစ်ဦးကပြောပါတယ်။

ဇူလိုင်လ ၁၇ ရက်နေ့မှာတော့ KNDO စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ကော်သူးလေတပ်မတော် Kawthoolei Army ဆိုပြီးဖွဲ့စည်းထူထောင်ကြောင်း ဆိုရှယ်မီဒီယာနှင့် မီဒီယာတချို့မှာရေးသားဖော်ပြကြလို့ သတင်းပိုကြီးလာခဲ့ပါတယ်။

ဇူလိုင်လ ၂၀ ရက်နေ့မှာတော့ KNLA ကလည်း နယ်ဒါးမြဦးဆောင်တဲ့ ကော်သူလေးတပ်မတော်ဖွဲ့စည်းခြင်းကို KNLA/KNDO ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်အနေနဲ့ လုံးဝ လက်ခံ အသိအမှတ်ပြုမည်မဟုတ်ဟု KNU/KNLA ဗဟိုစစ်ဦးစီးဌာနချုပ်မှ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

တကယ်တော့ ဗိုလ်မှူးချုပ်ဟောင်း စောနယ်ဒါးမြက KNU စစ်ဘက်ဆိုင်ရာခေါင်းဆောင်များစီစဉ်ထားတဲ့ ကော်သူးလေတပ်မတော်အမှတ်တံဆိပ်ကို KNLA/KNDO ရဲ့ယူနီဖေါင်းတွေမှာဝတ်ဆင်မယ့်အစီအစဉ်ကိုသိလျှက်နဲ့ သူဦးဆောင်တဲ့ ကော်သူးလေတပ်မတော်ဆိုပြီးကြိုတင်ကြေညာလိုက်တာဖြစ်တယ်လို့ KNU ထိပ်ပိုင်းခေါင်းဆောင်နှင့်နီးစပ်သူတစ်ဦးကပြောပါတယ်။

စောနယ်ဒါးမြကို KNDO ရဲ့စစ်ဦးစီးချုပ်အဖြစ်တာဝန်မှရပ်ဆိုင်းခဲ့ပြီးနောက် KNU နှင့် KNLA ခေါင်းဆောင်တွေက သူ့ကိုအကြိမ်ကြိမ်ခေါ်ယူဆွေးနွေးဖို့ကြိုးစားခဲ့ပါသေးတယ်လို့ နီးစပ်သူတချို့ကပြောပါတယ်။ သို့သော် လုံခြုံရေးအကြောင်းပြပြီး သူငြင်းဆိုခဲ့တယ်လို့ဆိုပါတယ်။

တဖက်မှာလည်း နိုင်ငံခြားရောက်ကရင်တချို့အပါအဝင် ဆိုရှယ်မီဒီယာနှင့် မီဒီယာကိုအားကိုးပြီးတာဝန်မှရပ်ဆိုင်းတာကိုလက်မခံကြောင်း ဗိုလ်မှူးချုပ်ဟောင်း စောနယ်ဒါးမြကပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံနှင့် အနောက်နိုင်ငံက ကရင်တချို့နှင့်သူ့ကိုထောက်ခံသည့်ကရင်လူမျိုးမဟုတ်သူတချို့ကို ရာထူးတာဝန်တွေအသီးသီးတပ်ပေးသလို နိုင်ငံခြားသွားရောက်လည်ပတ်ကာ ကရင်လူငယ်နှင့်လူထုတချို့ကိုတွေ့ဆုံပြီး လူအင်အားနှင့် ငွေကြေးထောက်ပံ့မှုအားကြောင်းအောင်လုပ်ဆောင်တယ်လို့ ခိုင်မာတဲ့သတင်းရင်းမြစ်တချိုကဆိုပါတယ်။

ဇူလိုင် ၂၀ ရက်နေ့ KNU ထုတ်ပြန်ချက်မှာလည်း စောနယ်ဒါးမြသည် KNLA စည်းမျဉ်းစည်းကမ်းနှင့် တပ်မှူးများအစည်းအဝေးဆုံးဖြတ်ချက်များအား လိုက်နာရန် ပျက်ကွက်မှုများစွာရှိခဲ့ပြီး သူ့သဘောဖြင့် နိုင်ငံရပ်ခြားမှာ KNDO အဖွဲ့အစည်းကို ဖွဲ့စည်းပြီး ရာထူးပေးအပ်ခြင်း၊ ငွေကြေးကောက်ခံခြင်းများအား တရားမဝင်ပြုလုပ်ခဲ့တယ်လို့ရေးသားဖော်ပြပါတယ်။

KNU/KNLA/KNDO ခေါင်းဆောင်တွေကို လျစ်လျူရှုပြီး စောနယ်ဒါးမြ ကော်သူးလေတပ်မတော်ဖွဲ့စည်းလိုက်တာဟာ အဖွဲ့အစည်းရဲ့စည်းမျဉ်းစည်းကမ်းကို ဘော်ကျော်ပြီးလုပ်နေသလို စည်းလုံးမှုလည်းထိခိုက်နိုင်တယ်လို့ ကရင်ပြည်သူတချို့ကထောက်ပြပြောဆိုပါတယ်။

ပြည်ပရောက်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကတော့ “အခုလိုဖြစ်တာတော့မကောင်းဘူး။ အဲ့သလိုလုပ်လိုက်တော့ PDF (စောနယ်ဒါးမြနှင့်လက်တွဲသည့် PDF) တချို့အတွက်လည်းစိုးရိမ်တယ်။ ဘာဖြစ်ဖြစ်ဒီအချိန်မှာစစ်အာဏာရှင်တော်လှန်သူမှန်သမျှ စည်းလုံးညီညွတ်သင့်တယ်” လို့ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာကျင်းပခဲ့တဲ့စစ်ဘက်ရေးရာအစည်းဝေးမှာ စောနယ်ဒါးမြကိစ္စကို ပြေပြေလည်လည်ဖြေရှင်းပြီး ညီညီညွတ်ညွတ်ပြန်လည်သင့်မြတ်ဖို့ရည်ရွယ်တာလည်းဖြစ်တယ်လို့ အစည်းအဝေးတက်ရောက်သူနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

ပြည်ပရောက် KNU တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးကလည်း “အဖွဲ့အချင်းချင်ပြန်လည်သင့်မြတ်ဖို့တွေ့ဆုံမှုလုပ်တဲ့အပေါ်မှာသူ့ (စောနယ်ဒါးမြ) အနေနဲ့လက်ခံရမယ်။ လက်မခံဘဲပြန်သွားတာတော့ တပ်ပြေးလို့ပြောလို့ရသလို အလိုလိုနုတ်ထွက်လိုက်တာလို့ပြောလို့ရတယ်” ဟုဆိုပါတယ်။

လက်ရှိမှာ KNDO တပ်ရင်းတွေအားလုံးက KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောရှီးလေဦးဆောင်မှုကို လက်ခံတဲ့အတွက် စောနယ်ဒါးမြဦးဆောင်သည့် ကော်သူးလေတပ်မတော်သည် လက်တွေ့အရေးပါမှုဟာ ရေရှည်မှာ အချိန်ကစကားပြောလိမ့်မယ်လို့ တိုင်းရင်းသားအရေးလေ့လာသူတစ်ဦးကဆိုပါတယ်။

“သူ့ (စောနယ်ဒါးမြ) ကိုထောက်ခံတဲ့ပြည်ပရောက်ကရင်တွေ တဖြည်းဖြည်းနားလည်လာပါလိမ့်မယ်။ အဲ့ဒီအခါကျရင် သူတို့သဘောပေါက်လာမှာပါ” လို့ နိုင်ငံရေးလေ့လာသူကဆိုပါတယ်။

ဓာတ်ပုံ – KNDO ခေါင်းဆောင်ဟောင်း ဗိုလ်မှူးချုပ်နယ်ဒါးမြကို တွေ့ရစဉ်။ (Photo: KNDO)

​( ယခု သတင်းဆောင်းပါးကို Salween Press ​၏ ခွင့်ပြုချက်ဖြင့် မူရင်းအတိုင်း ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) နှင့် စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ၎င်းကိုယ်တိုင် စစ်ဦးစီးချုပ်အဖြစ် အသစ် ထပ်မံဖွဲ့စည်းသည့် ကော်သူးလေတပ်မတော်အခြေအနေ၊ ယင်းအပေါ် သဘောထားတို့ကို အထိုက်အလျောက် နီးနီးကပ်ကပ် သိနိုင်၊ မြင်နိုင်စေမည့် အချက်အလက်များပါဝင်သောကြောင့် စာဖတ်ပရိသတ်အတွက် ပြန်လည်ဖော်ပြခြင်းဖြစ်သည်)

Crd

Leave a Reply

Your email address will not be published.