“ သမ္မတကြီးကို လာခေါ်သွားချိန်မှာဆို သူတို့အင်အားက ၇၀ ကျော်လောက်ကို ရှိတယ်”
“ သမ္မတကို လာခေါ်သွားချိန်မှာဆို သူတို့အင်အားက ၇၀ ကျော်လောက်ကို ရှိတယ်။ ဒါတောင် အထဲဝင်လာတဲ့ အင်အားပေါ့နော်။ လမ်းမကြီးပေါ်ကအဖွဲ့တွေ မပါသေးဘူး”




အာဏာသိမ်းခဲ့သောနေ့တွင် သမ္မတအိမ်တော်ဝင်းအတွင်း လုံခြုံရေးတာဝန်ယူခဲ့ရသော CDM ရဲတပ်သားနှင့် ဆက်သွယ်မေးမြန်းခြင်း
၂၀၂၀ ရွေးကောက်ပွဲတွင် မဲရလဒ် အပြတ်အသတ်ဖြင့် အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို မဲလိမ်ခဲ့သည်ဟူသော အကြောင်းပြချက်ဖြင့် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းမှုပြုလုပ်ခဲ့သည်။
အာဏာသိမ်းယူခဲ့သည့် အချိန်မှစ၍ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံခေါင်းဆောင်များအားလုံးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။




ပြည်သူများအနေဖြင့် သမ္မတ၏နေအိမ်ကို မည်ကဲ့သို့ စီးနင်းဝင်ရောက်ကာ ဖမ်းဆီးသွားခဲ့သည်၊ အာဏာမသိမ်းခင် နောက်ဆုံးအချိန်တွင် မည်ကဲ့သို့ အခြေအနေမျိုး ရှိနေမည်ဆိုသည်တို့ကို သိရှိနိုင်ရန်အတွက် အာဏာသိမ်းစဉ် ညက အိမ်တော်လုံခြုံရေး နံပတ် ၃ စည်းတွင် လုံခြုံရေးတာဝန်ယူခဲ့ပြီး ယခုအခါ CDM ပြုလုပ်လာခဲ့သော ရဲတပ်သား မြင့်အောင်ကို ဒီလမ်းသတင်း ဌာနက ဆက်သွယ်မေးမြန်းပြီး ဖော်ပြပေးလိုက်ပါသည်။
မေး။ သမ္မတအိမ်တော်မှာ ဘယ်လိုတာဝန်မျိုးယူခဲ့ရလဲဗျ။
ဖြေ။ ကျွန်တော်က အိမ်တော်ထဲက နံပတ် ၃ စည်းမှာ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့ရတာပါဗျ။ များသောအားဖြင့်တော့ အိမ်တော်အနီးက ဂေါက်ကွင်းမှာ တာဝန်ထမ်းဆောင်ရတာပါ။
မေး။ အမည်နဲ့ ရာထူးလေးတွေ တစ်ချက်ပြောပြပေးပါဗျ။
ဖြေ။ ကျွန်တော်နာမည်က မြင့်အောင်၊ ရာထူးက တပ်သားပါပဲ။
မေး။ အဲဒီအာဏာသိမ်းတဲ့နေ့က အတွေ့အကြုံလေးတွေ ကြားခဲ့မြင်ခဲ့ရတာလေးတွေ ပြောပြပေးပါအုံး။




ဖြေ။ ကျွန်တော်တို့ အဲဒီည အာဏာမသိမ်းခင်အထိတော့ အေးအေးဆေးဆေးပဲဗျ။ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် နေလို့ရတယ်ပေါ့နော်။ ဒါပေမယ့် အဲဒီညမှာ အသင့်အနေအထား ၃၅ တော့ နေဖို့ ညွှန်ကြားထားတာရှိတယ်ဗျ။ အဲဒီည ဘာဖြစ်မလဲ။ ဘာထူးမလဲဆိုတာ ကျွန်တော်တို့ မသိသေးပါဘူး။ ဒီတိုင်းပဲ ပုံမှန်တာဝန်ထမ်းဆောင်နေရတာပေါ့။ အဲ ၄ နာရီ ဂျူတီကျတဲ့ သူငယ်ချင်းတစ်ယောက် အဲဒီအချိန်မှာ ဂျူတီဝင်တော့ ဖုန်းလိုင်းတွေပျက်သွားပြီတဲ့ ဘာမှကြည့်လို့မရတော့ဘူးပေါ့။
နည်းနည်းကြာလာပြီး ၅ နာရီ ၆ နာရီအချိန်လောက်မှာတော့ မီးတွေကလဲ အိမ်တော်မှာ အရင်လိုမဟုတ်တော့ တခုခုထူးနေပြီဆိုပြီး သိလိုက်တယ်။ ဒါပေမယ့် လက်ရှိတာဝန်ကျနေတာက နံပတ် ၃ စည်းမှာဆိုတော့ ဒီတိုင်းပဲ ကြည့်နေရတာပေါ့။ သွားကြည့်လို့တော့ မရဘူး။ နောက်ပိုင်း ၇ နာရီလောက်အချိန်မှာ စစ်တပ်က အာဏာသိမ်းတဲ့အကြောင်း သိရတယ်။ နောက်ပြီး ရဟတ်ယာဉ်တစီးလဲ အိမ်တော်အပေါ်ကနေ ပတ်နေတာကို တွေ့ရတယ်။




မေး။ သူတို့ အိမ်တော်ထဲကို ဝင်လာတဲ့ အချိန်မှာ အင်အားဘယ်လောက်ရှိလဲဗျ။
ဖြေ။ အဲဒီအချိန်တုန်းကဆို အပြင်က မိန်းလမ်းမပေါ်မှာ နေတဲ့အဖွဲ့တွေလဲ ရှိနေတယ်။ နောက်ပြီး အထဲမှာလဲ လမ်းတွေက ၄ – ၅ လမ်းလောက်ဆိုတော့ အဲဒီအထဲဝင်လာတဲ့ အဖွဲ့တွေများတယ်ဗျ။ သမ္မတကို လာခေါ်သွားချိန်မှာဆို သူတို့အင်အားက ၇၀ ကျော်လောက်ကို ရှိတယ်။ ဒါတောင် အထဲဝင်လာတဲ့ အင်အားပေါ့နော်။ လမ်းမကြီးပေါ်ကအဖွဲ့တွေ မပါသေးဘူး။
မေး။ သူတို့သမ္မတအိမ်တော်ထဲကို ဝင်လာချိန်မှာ အေးအေးဆေးဆေးပဲ ဝင်လာကြတာလား။ ဒါမှမဟုတ် စစ်ဆင်ရေးတစ်ခုလို ပုံစံမျိုးနဲ့ ဝင်လာကြတာလားဗျ။
ဖြေ။ အသေးစိပ်ကိုတော့ ကျွန်တော်အနေနဲ့က မပြောပြနိုင်ဘူးဗျ။ အဲဒီအချိန်ကျွန်တော်တာဝန်ကျနေတာက သက်သက်လမ်းတစ်ခု သူတို့ဝင်လာတာက သက်သက်လမ်းတစ်ခုဖြစ်နေခဲ့တာပါ။




မေး။ အဲဒီလို သမ္မတအိမ်တော်ထဲ ဝင်လာပြီး ဖမ်းတဲ့အချိန်မှာ အိမ်တော်ထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်တာမျိုးတွေကော တွေ့ရလားဗျ။
ဖြေ။ သိပ်ပြီး ဆူဆူညံညံပြန်ဖြစ်တာမျိုးတော့ မတွေ့ပါဘူး။ အဲဒီနေ့က ဘယ်သူတွေ အဖမ်းခံရဖို့ ထပ်ပါသွားသေးတယ်တော့ မသိဘူးဗျ။ နောက်ပိုင်းရက်တွေမှာတော့ အိမ်တော်က တာဝန်ကျရဲတချို့ အနီရောင် ဆောင်ထားတာတွေ တွေ့လို့ဆိုပြီးတော့ ဖမ်းသွားတာရှိတယ်။
မေး။ အဲဒီအာဏာသိမ်းတဲ့ညက အိမ်တော်မှာ ဘယ်သူတွေရှိနေခဲ့လဲဗျ။
ဖြေ။ အိမ်တော်ထဲမှာ အဲဒီညကဝန်ကြီးတွေတော့ တော်တော်များများရှိနေတယ်။ ဘာလို့လဲဆိုတော့ နောက်နေ့ လွှတ်တော်ရှိနေတယ်လေ။ အဲဒီတော့ ကြိုတင်စည်းဝေးတာ တိုင်ပင်တာတွေ လုပ်နေမယ်ထင်တယ်။ အဲဒီမှာ လူကြီးတော်တော်များများတော့ ရှိပါတယ်။
မေး။ ဒီအာဏာသိမ်းမှုဖြစ်မလာခင်မှာ အိမ်တော်အတွင်း ထူးထူးခြားခြားဖြစ်စဉ်မျိုးတွေ လူအဝင်အထွက်မျိုးတွေ မြင်ခဲ့ရလား။ သတိထားမိတာရှိလားဗျ။




ဖြေ။ အိမ်တော်ထဲ ထူးခြားတာထက် နေပြည်တော်မှာ ပြည်ခိုင်ဖြိုးက ဆန္ဒပြတာရှိတယ်။ ကျန်တဲ့ ထူးခြားမှုတော့ အိမ်တော်ထဲ မတွေ့ရဘူး။
မေး။ နောက်ပိုင်း ဘယ်အချိန်လောက်မှာ CDM စလုပ်ခဲ့တယ်ဆိုတာလေးလဲ ပြောပြပေးပါအုံး။
ဖြေ။ ၁၁ လပိုင်း၊ ၂၉ ရက်ကပါ။ အဲဒီနေ့ကပဲ ဒီဘက်ကို ပြန်လာခဲ့တာပါ။
မေး။ အဲဒီမတိုင်ခင်ရော မေးမြန်းခံရတာ၊ စစ်ဆေးခံရတာမျိုးရှိလားဗျ။




ဖြေ။ အဲဒီလိုမျိုး ကျွန်တော်တို့ကို မေးတာ စစ်တာမျိုးတော့ မရှိဘူးဗျ။
မေး။ အခုလို CDM လုပ်ဖြစ်လာရတဲ့ အကြောင်းရင်းလေးတွေကို ပြောပြနိုင်မလား။
ဖြေ။ ဒီလို အာဏာသိမ်းပြီးတဲ့နောက် အချင်းချင်း သတ်ဖြတ်နေကြတာတွေ ကြားရတော့ ကျွန်တော်က တိုင်းရင်းသားတစ်ယောက်လေ ကယန်းလူမျိုးပေါ့။ နောက်ပိုင်း ကိုယ့်လူမျိုးနဲ့ကိုယ်နဲ့ အဲဒီလိုပြန်တိုက်ဖို့ဆိုတာ ဘယ်လိုစိတ်နဲ့မှ မဖြစ်နိုင်ဘူးပေါ့နော်။ အဲဒါကြောင့် ထွက်ဖို့ ခဏခဏကြိုးစားတယ်။ ဒါပေမယ့် နေပြည်တော်လိုနေရာမှာဆိုတော့ မလွယ်ခဲ့ဘူး။ အဲဒီ ၁၁ ရောက်တော့ တပ်ရင်းနေတာ တစ်နှစ်ကျော်ဆိုတော့ ခွင့်တောင်းကြည့်လို့ရတယ်ဆိုတာနဲ့ ခွင့်တောင်းတာ ရတယ်ဗျာ။ အဲဒီလိုမျိုးပြန်လာတယ်။ ဒီမှာရောက်တော့ မပြန်တော့ဘူး။ အဓိကတော့ ကိုယ့်လူမျိုးတွေနဲ့ ကိုယ်ပြန်တိုက်ခိုက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပြန်မသွားတော့တာပါ။
မေး။ အခုဆို CDM လဲ လုပ်ထားပြီဆိုတော့ နိုင်ငံအနှံ့မှာ CDM ရဲဘော်တွေက လက်နက်ကိုင်ပြီး ပြန်တော်လှန်နေကြတာတွေရှိတယ်။ အဲဒီလိုပဲ လက်နက်ကိုင်ပြန်တိုက်ဖို့ရော ရှိလားဗျ။




ဖြေ။ ဒီပြန်ရောက်ပြီးမှ တိုက်ပွဲကို တခါတော့လိုက်ပြီးပြီဗျ။ ဒါပေမယ့် အဲဒီတုန်းကလည်း တကယ်တော့ ကယ်ဆယ်ရေးသဘောဖြစ်သွားတာပါပဲ။ အခုထိတော့ ထိပ်တိုက် တိုက်ခိုက်တာ မကြုံရသေးဘူး။
#ဒီလမ်း
Crd