ဘလင်ကင် ၏ ခရီးစဉ် မြန်မာပြည်သူအတွက်မျှော်လင့်ချက်..

News

ဘလင်ကင် ၏ ခရီးစဉ်

ဘာလီ ရှိ G20 အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ကို အကြောင်းပြုပြီး တရုတ် နှင့် အမေရိကန် တို့ သံတမန် ရေး အားပြိုင်မှုများ ဖြစ်ပေါ်လာနေသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်ထိုနီ ဘလင်ကင် သည် ယခု အခါ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည်။ ထိုင်းသည် အမေရိကန်၏ လက်ဟောင်း မဟာမိတ် ကြီး ဖြစ်ခဲ့သော်လည်း ယခုအခါ တရုတ်ဖက် ပါမသွားအောင် မနည်း ထိန်းနေရသည့် အဆင့်တွင် ရှိနေသည်။

တနင်္ဂနွေနေ့က မဟာမိတ် အနေအထား ခိုင်မာရန်နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက် နိုင်မည့် နှစ်နိုင်ငံ သ‌ဘောတူညီချက်များ ရေးထိုးနိုင်ခဲ့သည်ဟု သိရသည်။

ထိုင်း ဒုဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေး ဝန်ကြီးလည်း ဖြစ်သူ ဒွန် ပရာမူဒွင်နိုင်းနှင့် ‌မြန်မာ အရေးကို အလေးပေး ဆွေးနွေးသွားခဲ့သည်။

အကြမ်းဖက် စစ်တပ်၏ MIG 29 တိုက်လေယာဉ် တစီး ထိုင်း လေပိုင်နက်ထဲ ကျုးကျော် ဝင်ရောက်လာမှု နှင့် ပတ်သက်ပြီး ထိုင်း အစိုးရသည် မြန်မာ အကြမ်းဖက် စစ်တပ် သက်ဆိုးရှည်အောင် ပူးပေါင်းကြံစည်ပေးနေသည်ဟု စွပ်စွဲချက်များ ထွက်ပေါ်‌နေချိန်လည်း ဖြစ်သည်။

ဘလင်ကင် သည် မြန်မာမှ ဒီမိုကရေစီ အရေး လှုပ်ရှားနေသည့် ဂျင်ဇီးများ နှင့် ‌တွေ့ဆုံခဲ့ပြီး ၎င်းတို့ အမြင်များ ကိုလည်း နားထောင်ပေးခဲ့သည်၊ တဆက်တည်း ဆိုသလို မြန်မာပြည် နှင့် ပတ်သက်သော အ‌မေရိကန်၏ မူဝါဒသည် အကျိုး ဖြစ်ထွန်းလာမှု မရှိသေးကြောင်း ဝန်ခံသွားခဲ့ပြီး ယူကရိန်း အရေး ကြားမှ မြန်မာ ကိစ္စကို ဆက်လက် အာရုံစိုက်သွားမည် ဖြစ်ကြောင်း ကတိပေးသွားခဲ့သည်။

ဘလင်ကင်သည် ဘန်ကောက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် အာဆီယံ၏ ဘုံရပ်တည်ချက် ငါးရပ်အား မြန်မာရှိ စစ်အာဏာသိမ်း အဖွဲ့မှ လိုက်နာလာအောင် ဒေသတွင်းရှိ နိုင်ငံများ၏ ထောက်ခံ ပံ့ပိုးမှုသည် လွန်စွာ အရေးပါသော်လည်း ယခုထိ ဖြစ်မလာခဲ့ဟု ပြောခဲ့သည်။

မြန်မာသည် မူလ လမ်းကြောင်းပေါ် ပြန်ရောက်သွားပါက တရုတ်၏ အကျိုး ဖြစ်ထွန်းဖို့သာ ရှိ‌‌ နေ၍ တရုတ် အနေနှင့် တသဘောတည်း ရှိသင့်သည်ဟု ထောက်ပြသွားခဲ့သည်။

အာဆီယံ နိုင်ငံများ အနေဖြင့် စစ်ကောင်စီ အား ၎င်းတို့၏ လုပ်ရပ်များ အတွက် တာဝန်ခံမှု ရှိလာအောင် ပြုလုပ်ရန် နှင့် နိုင်ငံတွင်း အကြမ်းဖက်မှုများ ရပ်တန့်သွားရေး၊ အကျဉ်းသားများ ပြန်လွှတ်ပေးရေး တို့အား ဆက်လက် တောင်းဆိုသွားရမည် ဖြစ်သည်ဟု ဆိုသည်။

ယခုအချိန် အထိ အပြုသဘောင် ဆောင်သည့် ဖြစ်ပေါ်တိုးတက်မှု တစုံတရာ မျှ မတွေ့ရသေးဟုလည်း မှတ်ချက်ချခဲ့သည်။ဘလင်ကင်သည် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ နှင့် ဘာလီ တွင် စနေနေ့က သီးခြား တွေ့ဆုံပြီး နာရီပေါင်း အတန်ကြာအောင် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အပြီးသတ် တွင်တော့ ဝမ်ယီ မှ အမေရိကန် တွင် တရုတ်ကြောက် ရောဂါ စွဲကပ်နေသည်ဟု ပြောဆိုသွားခဲ့သည်။တရုတ်အဖို့ ၎င်းတို့ ‌အိမ်နောက်ဖေး က ဆယ်အိမ်တန်း ဟု သတ်မှတ်ထားသော ရွာတန်းရှည်ထဲသို့ အန်ကယ်ဆမ် တို့ ခြေရှုပ်လာမည်ကို မလိုလား။

ခက်နေသည်က အန်ကယ်ဆမ် တို့၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အပြောများကြားတွင် တရုတ်တို့ ထိုးမဖေါက်နိုင် ဖြစ်နေသည်။အားလုံးကလည်း ကွန်မြူနစ် ပါတီ လက်အောက်တွင် နေသားကျနေသော တရုတ် ပြည်သူများ ကို လစ် လျုရှု၍ ရနိုင်သော်လည်း မကြာသေးမီက မှ လွတ်လပ်ခွင့်များ ဆုံးရှုံးသွားခဲ့ရသည့် ဟောင်ကောင်ကို ကြည့်ပြီး ထိတ်လန့်တုန်လှုပ်လာကြသည်။

ထို့အတွက် မည်သို့သော အကြောင်းနှင့် ဖြစ်စေ တရုတ် နှင့် ပလဲနံပ သင့်သည့် အစိုးရ မှန်သမျှ အား မိမိတို့၏ လွတ်လပ်ခွင့်၊ ဒီမိုကရေစီ အရေးများ ရှေ့တန်းမတင်လိုသူများ ဟု သတ်မှတ်လာနေကြသည်။

တရုတ်သည် တိုင်ဝမ်ကို မျက်စောင်းထိုးလာနေပြီ ဖြစ်သည်။ တိုင်ဝမ်သည် ယခင် ချန်ကေရှိတ် လက်အောက် စစ်အာဏာရှင် စနစ် တွင် အတူတူ နှင့် အနူနူ ဖြစ်နေ၍ သိတ်ပြီး စိတ်မဝင်စားလှ။

နောက်ပိုင်း ဒီမိုကရေစီ စနစ် အောက်၌ တိုးတက် ဖွံ့ဖြိုးလာနေချိန်တွင်တော့ ၎င်းတို့၏ ကွန်မြူနစ် စနစ် နှင့် အမြဲလို ချိန်ထိုးစရာ ဖြစ်လာသည်။ ဤသို့ဖြင့် တိုင်ဝမ်သည် နေ့စဉ်နှင့် အမျှ တရုတ် ကွန်မြူနစ် ပါတီ အစိုးရကို ခြိမ်းချောက်လာနေသလို ဖြစ်နေ၍တိုင်ဝမ်ကို သိမ်းပိုက်နိူင်ရန် ကို သမိုင်းပေး တာဝန် တရပ် အဖြစ် တရုတ် သမ္မတ ရှီကျင့်ပင့်က ခံယူလာသည်။

အကယ်၍ များ ဟောင်ကောင် နှင့် တိုင်ဝမ်သည်သာ ဒေါ်စိန်အေး ကျောင်းဆင်းများ အုပ်ချုပ်ပြီး ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်နေပါက တရုတ်သည် နာမည်ပျက်ခံ ပြီး သိမ်းပိုက်ရန် ကြိုးစားမည် မဟုတ်၊ သူတို့ အတွက် ဝန်ထုတ်ဝန်ပိုး အဖြစ်ခံမည် မထင်။

လက်ရှိ G20 ဆွေးနွေးပွဲကတော့ ယူကရိန်း ပြဿနာကို အဓိကထား ဆွေး‌နွေးသွားခဲ့ကြသည်။အမေရိကန် အနေဖြင့် မြန်မာ အရေး အပေါ် အာဆီယံကိုသာ ဖိအားပေးနေသည်မှ လွဲ၍ အခြား မည်သို့မျှ ထူးထူးခြားခြား ပါရှိမလာသေးသည်ကို ဘလင်ကင်၏ ခရီးစဉ် အတွင်း အထင်အရှား ‌တွေ့မြင်နေရသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ မှ လက်ရှိ အနေအထားမှ အကောင်းဆုံး ဖြစ်အောင် ဖန်တီး နိုင်ရေး အတွက် ဖနွမ်းပင် တွင် ကျင်းပရန် ရှိနေသည့်အာဆီယံ နှင့် အရှေ့အာရှ အေပက် ထိပ်သီး ဆွေးနွေးပွဲများမှ ၂၀၂၃ တွင် ပြုလုပ်ရန် ရှိနေသည့် အကြမ်းဖက် စစ်ကောင်စီ ၏ ရွေးကောက်ပွဲ ကို အသိအမှတ် မပြုဟု ကြေညာချက် ထွက်ပေါ်လာရန် သံတမန်ရေး ထိုးစစ် ဆင်နွှဲသင့်ပေသည်၊ စစ်ကောင်စီသည် အာဆီယံ ဘုံရပ်တည်ချက် အား တခုတလေမျှ အကောင်အထည် ဖေါ်ခြင်း မရှိပဲ ပြုလုပ်မည့် ရွေးကောက်ပွဲ ကို အသိအမှတ် မပြုဟု ပြော‌ဆိုရန် ခိုင်လုံသော အကြောင်းပြချက် ရှိနေပြီလည်း ဖြစ်သည်။

မလေးရှား နိုင်ငံခြားရေး ဝန်ကြီး အဆိုပြုနေသည့် အချိန်ဇယား ဆိုသည်ကို ရွေးကောက်ပွဲ မတိုင်မီ အထိ သတ်မှတ်ပေးသင့်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

Hla soewai

Crd

Leave a Reply

Your email address will not be published.