မဲခေါင်-လန်ချန်းကနေ တဆင့် နိုင်ငံတကာ ဆက်ဆံရေး စင်မြင့်ပေါ် စစ်ကောင်စီကို တရုတ် ဆွဲခေါ်

News

မဲခေါင်-လန်ချန်းကနေ တဆင့် နိုင်ငံတကာ ဆက်ဆံရေး စင်မြင့်ပေါ် စစ်ကောင်စီကို တရုတ် ဆွဲခေါ်

မြန်မာ အာဏာသိမ်း စစ်ကောင်စီ အနေနဲ့ သူတို့နဲ့ အတိုက်အခံ ဖြစ်နေသူတွေနဲ့ကြား စကားပြောဆို ဆွေးနွေးတာတွေ လုပ်ဆောင်ဖို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်းယီက တိုက်တွန်း ပြောဆို လိုက်ပါတယ်။

မြန်မာပြည်ရဲ့ လက်ရှိ ရှုပ်ထွေး ပြင်းထန်နေတဲ့ အခြေအနေထဲကို သက်ဆင်းသွား စေတဲ့ အကြောင်းခံဖြစ်တဲ့ ၂၀၀၂၁ ဖေဖေါ်ဝါရီ တကျော့ပြန် စစ်အာဏာသိမ်းမှု နောက်ပိုင်း ဝန်ကြီးဝမ်းယီက ပထမဆုံး မြန်မာပြည် ခရီးစဥ် ပြုလုပ်ရင်းမှာပဲ အခုလို တိုက်တွန်းတာ ဖြစ်ပါတယ်။

နိုင်ငံတကာ အကဲခတ်တွေကတော့ လက်ရှိ ကမ္ဘာ့နိုင်ငံရေး မျက်နှာစာမှာ မြန်မာစစ်တပ်ရဲ့ နည်းပါးလှတဲ့ မိတ်ဖက် နိုင်ငံတွေထဲ တရုတ်နိုင်ငံ ဆက်လက် ရှိနေပြီး၊ ဒီမိုကရေစီ နည်းကျ အရပ်သား အစိုးရကို ဖယ်ရှားခဲ့တဲ့ မြန်မာ စစ်တပ်ရဲ့ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချတာမျိုး မလုပ်ပဲ တရုတ် အစိုးဟာ အာဏာသိမ်း စစ်ကောင်စီကို ထောက်ပံ့ အားပေးတာတွေ ဆက်လက် ပြုလုပ်နေတယ်လို့ ထောက်ပြကြပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်း ရှေးဟောင်းဒေသ ပုဂံမြို့မှာ ရောက်နေတဲ့ ဝမ်းယီကတော့ မြန်မာ့အရေး အာဆီယံရဲ့ လက်ရှိ အထူးသံတမန် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆော့ခွန်းနဲ့ ဇူလိုင် ၃ ရက်နေ့မှာ တွေ့ဆုံ ခဲ့ပြီး မြန်မာ့အရေး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတာမှာ “တရုတ်နိုင်ငံရဲ့ မျှော်လင့်ချက် ၃ ရပ်” ဆိုပြီး ချပြ ပြောဆိုခဲ့တယ်လို့ တရုတ်နိုင်ငံဘက်က တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

– တိုက်ပွဲမဖြစ်တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့မယ့် အာဆီယံ အထူးသံရဲ့ မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှု

– ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရေး ဖြစ်လာနိုင်သလား

– ထီးရိပ်နန်းရိပ် ဆက်ဆံရေး – နှစ်ဖက် အတွက်မှားခဲ့ကြခြင်းအနောက်အုပ်စုနဲ့ နီးစပ်တဲ့ လမ်းကြောင်းတွေ လွှမ်းမိုးမှာ တရုတ်ဘက်က နှစ်လိုပုံ မရ

မျှော်လင့်ချက် ၃ ရပ်

၁။ မျှော်လင့်ချက် ၃ ရပ် ဆိုတာထဲက ပထမဆုံး အချက်ကတော့ နိုင်ငံရေး ပြန်လည် သင့်မြတ်မှုဖြစ်ရေး စဥ်ဆက်မပြတ် တွန်းအားပေး ဖော်ဆောင်ဖို့ရာ တရုတ် အနေနဲ့ အာဆီယံနဲ့ လက်တွဲပြီး လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

အဲဒီ အချက်ကို ဝမ်းယီက ပြောဆိုရာမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ဥပဒေမူဘောင်များအောက်ကနေ ဖော်ဆောင်ရေးလို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးက ထည့်သွင်း ပြောထားတာ တွေ့ရပါတယ်။

မြန်မာ အာဏာသိမ်း စစ်တပ်က ၂၀၀၈ ဖွဲ့စည်းပုံကို ဆက်လက် ကိုင်စွဲထားပြီး အာဏာရယူတဲ့ လုပ်ရပ်ကလည်း ဖွဲ့စည်းပုံနဲ့ ကိုက်ညီတယ်လို့ ပြောထားပါတယ်။

နိုင်ငံတကာ ဝေဖန်သုံးသပ်သူတွေကတော့ စစ်တပ်ကိုယ်တိုင် သူတို့ အလိုကျ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို ချိုးဖောက်ပြီး အာဏာသိမ်းခဲ့တာလို့ ထောက်ပြမှုတွေ ရှိခဲ့သလို၊ အာဏာသိမ်းမှု နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ တော်လှန်ရေး အင်အားစုတွေဘက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို လုံးဝ ဖျက်သိမ်းကြောင်း ကြေညာထားပြီး ဖြစ်ပါတယ်။

ဒါ့ကြောင့် ဝမ်းယီပြောတဲ့ ပထမအချက်မှာ ကတည်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အောက်က ဖြစ်ရမယ် ဆိုပြီး ပါဝင်နေတာဟာ ဒီမိုကရေစီ အင်အားစုတွေ၊ တော်လှန်ရေး အင်အားစုတွေဘက်က ကြိုဆိုနိုင်ဖို့ ခက်လိမ့်မယ် ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်လာစေပါတယ်။

ပြည်တွင်းစစ်အခြေအနေ ဆိုးရွားလာနေတဲ့ မြန်မာပြည်အရေးအတွက် ဒေသတွင်း စိုးရိမ်မှုတွေ ရှိနေ

၂။ ဝမ်းယီပြောတဲ့ ဒုတိယအချက်ကလည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဥ် ပြန်လည် စတင်ဖို့ ဆိုပြီး ပြောထားသလို၊ တိုင်းပြည်အာဏာကို ပြည်သူတွေထံ ပြန်လည် အပ်နှင်းရေး ဆိုတဲ့ ဝေါဟာရမျိုးတွေ သုံးနှုံးထားတာ တွေ့ရပါတယ်။

လက်ရှိ အခြေအနေဟာ ပြည်သူတွေထံမှာ အာဏာ မရှိဘူး ဆိုတဲ့ အချက်နဲ့ စစ်တပ်က အာဏာ ယူထားတာဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ မကိုက်ညီဘူး ဆိုတဲ့ အချက်တို့ကို တရုတ်အစိုးရက အသိအမှတ်ပြု ထားကြောင်း အခု ဒုတိယ အချက်ပါ စကားလုံး ဝေါဟာရတွေက ထပ်ဟပ်နေပါတယ်။

ဒါပေမယ့်လည်း တိုင်းပြည်အာဏာကို ပြည်သူတွေထံ ပြန်လည် အပ်နှင်းရာမှာ မြန်မာနိုင်ငံ အခြေအနေနဲ့ ကိုက်ညီရမယ်၊ မြန်မာ့ ဝိသေသ လက္ခဏာ ဆောင်ရမယ် ဆိုတဲ့ အချက်မျိုးတွေကိုလည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးက တပါတည်း ထည့်သွင်း ပြောထားပါတယ်။

ဒီအချက်ဟာ တရုတ်ရဲ့ ဂိတ်ဝ သဖွယ် ပထဝီနိုင်ငံရေးအရ ဗျူဟာမြောက် အရေးပါနေတဲ့ မြန်မာပြည်အရေးမှာ အမေရိကန် အပါအဝင် အနောက်အုပ်စု နိုင်ငံတွေရဲ့ ဩဇာလွှမ်းမှု၊ စွက်ဖက်မှုရှိမှာကို ဘေဂျင်း အစိုးရ အနေနဲ့ အတော်လေး သတိထားနေပြီး၊ ဒီ အချက်ကို တန်ပြန်ဖို့ အတွက်လည်း အာဏာသိမ်း စစ်ကောင်စီနဲ့ကြား ဆက်ဆံရေး အခိုင်အမာ တည်ဆောက်ပြတာမျိုး အာဏာ ချိန်ခွင်လျှာ ညှိနေတာ ဖြစ်တယ်ဆိုတဲ့ အမြင်မျိုးတွေ ရှိပါတယ်။

ပြည်တွင်းရေး မစွက်ဖက်ရ ဆိုတဲ့ အာဆီယံ အခြေခံမူကနေ မသွေဖီဖို့ တရုတ်သတိပေး

၃။ နိုင်ငံခြားရေး ဝန်ကြီး ဝမ်းယီကနေ ထုတ်ဖော် ပြောလာတဲ့ မြန်မာ့အရေး တရုတ် အစိုးရရဲ့ အကြံပြုချက် ၃ ရပ်ထဲက နောက်ဆုံး အချက်ကတော့ မြန်မာ့ အကြပ်အတည်း ဖြေရှင်းရာမှာ အာဆီယံနည်းလမ်းကို လက်ကိုင်စွဲမယ်၊ အားပေးကူညီမယ် ဆိုတာကို ထပ်လောင်း အတည်ပြု ပြောထားတာ ဖြစ်ပါတယ်။

ဒီ အချက်ကတော့ ကုလသမဂ္ဂ မျက်နှာစာ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းထဲမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဘုံ သဘောတူနိုင်တဲ့ တူနိုင်ကြတဲ့ အချက်လို့ ပြောရမှာ ဖြစ်ပါတယ်။

မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင် ကိုယ်တိုင် သဘာတူထားတဲ့ အာဆီယံ တူညီ ဆန္ဒ ၅ ချက် ကို အကောင်အထည် ဖော်ခြင်းအားဖြင့် အာဆီယံက ကမကထလုပ် ကြားဝင် ဖြေရှင်းရေး နည်းလမ်းအပေါ် တရုတ်၊ ရုရှား ရော အနောက်အုပ်စုရောကပါ ကုလသမဂ္ဂ မျက်နှာစာမှာ တသဘောထားတည်း၊ တစ်သံတည်း ထွက်နေပါတယ်။

ဒါပေမယ့် အဲဒီလို လုပ်ဆောင်တဲ့ အခါ ပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်ရ ဆိုတဲ့ အာဆီယံ အခြေခံမူကနေ မသွေဖီဖို့ တရုတ်က သတိပေးထားတာ တွေ့ရပါတယ်။ လက်ရှိမှာတော့ အာဆီယံထဲမှာ မကြုံစဖူး အဖြစ် မြန်မာ နိုင်ငံ စစ်အာဏာ တကျော့ပြန် စစ်အာဏာ သိမ်းခံရမှု အပေါ် ပေါ်ပေါ်ထင်ထင် ဆန့်ကျင် ကန့်ကွက်နေတဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူ စတဲ့ နိုင်ငံတွေ ရှိနေကြပြီး အာဆီယံနဲ့ သက်ဆိုင်တဲ့ ဒေသတွင်းနဲ့ နိင်ငံတကာ ထိပ်သီးဆွေးနွေးပွဲတွေမှာ အာဏာသိမ်း စစ်ခေါင်းဆောင်ကို ချန်ထားတာမျိုး ပြုလုပ်နေပါတယ်။

အာဆီယံ အဖွဲ့အတွင်းမှာ အနောက်အုပ်စုနဲ့ ပိုပြီး နီးစပ်တဲ့ အမြင်နဲ့ လမ်းကြောင်းမျိုးတွေ လွှမ်းမိုးမှာကို တရုတ်ဘက်က နှစ်လိုပုံ မရပဲ၊ ပြည်တွင်းရေး မစွက်ဖက်ရ ဆိုတဲ့ အာဆီယံ အစဥ်အလာမူ အကြောင်း အခုလို မီးမောင်းထိုးပြီး သတိပေးပြောဆိုပုံရပါတယ်။

မဲခေါင် – လန်ချန်း ပူးပေါင်းရေးကနေ စစ်ကောင်စီကို နိုင်ငံတကာစင်မြင့်ပေါ် တရုတ်ဆွဲခေါ်

မဲခေါင်မြစ် ဖြတ်သွားရာ နိုင်ငံတွေ အားလုံး ပူးပေါင်း ဆောင်ရွက်ရေး အစီအစဥ် ဖြစ်တဲ့ မဲခေါင် – လန်ချန်း ကော်ပိုရေးရှင်း ရဲ့ နိုင်ငံခြားရေး ဝန်ကြီး အဆင့် အစည်းအဝေးကို ပုဂံမှာ ပြုလုပ်နေတာ ဖြစ်ပါတယ်။

(လန်ချန်း ဆိုတာ မဲခေါင်ရဲ့ အပေါ်ပိုင်းထက်ဝက် တရုတ်နိုင်ငံထဲ ရှိနေတဲ့ အစိတ်အပိုင်းရဲ့ အခေါ်အဝေါ် ဖြစ်ပါတယ်)

ဒီပွဲကို အကြောင်းခံပြီး ဘေဂျင်းအစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီး ကိုယ်တိုင် ပုဂံကို ရောက်လာပြီး ဒီ ပူးပေါင်းမှုမှာ ပါဝင်ပြီး အာဆီယံ နိုင်ငံတွေလည်း ဖြစ်ကြတဲ့ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေလည်း ပုဂံ တွေ့ဆုံပွဲမှာ ရှိနေကြပါတယ်။
ဗီဒီယို ပုံစာ,

လိုအပ်နေသူတွေလက်ထဲ အကူအညီတွေ အမှန်တကယ် ရောက်နိုင်ရေးကို သက်ရောက်မှု ရှိမလား

တရုတ် အစိုးရနဲ့ အနီးစပ်ဆုံး အာဆီယံ အစိုးရ အဖွဲ့လို့ ရှုမြင်ခံရတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် အာဆီယံ အလှည့်ကျ​ ဥက္ကဌ ဖြစ်နေချိန်၊ သူ့ရဲ့လက်ထောက်လည်းဖြစ် နိုင်ငံခြားရေး ဝန်ကြီး နေရာကိုလည်း ယူထားတဲ့ ပရတ်ဆော့ခွန်း မြန်မာအရေး အာဆီယံ အထူးသံ အဖြစ် မြန်မာ ခရီးစဥ် နောက်တစ်ကြိမ် ဖော်ဆောင်တာနဲ့ မဲခေါင် – လန်ချန်း ကော်ပိုရေးရှင်း အစည်းအဝေး ပုဂံမှာ ပြုလုပ်တာတွေကို ချိန်ကိုင် လုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။

ပြီးခဲ့သီတင်းပတ် အကုန်ပိုင်းမှာပဲ စစ်ကောင်စီ ပြောခွင့်ရ ဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးရေးနဲ့ ပတ်သက်ပြီး နောင် ဖြစ်နိုင် မဖြစ်နိုင် နိုင်ငံရေးမှာ ကြိုပြောလို့ မရဘူး ဆိုတဲ့ စကားမျိုး ရှိလာ ခဲ့ပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လက်ရှိ ပေါ်ပေါက်နေတဲ့ အခြေအနေတွေနဲ့ ပမာဏ အတိုင်းအတာကို ကြည့်ရင် လက်နက်ကိုင် ခုခံ တော်လှန်မှုကို ဒေါ်အောင်ဆန်းစုကြည် ထွက်လာပြီး တားဆီးရင်တောင် လက်ခံလိုက်နာပြီး တော်လှန်ရေး လမ်းကြောင်းကို အလွယ် ပစ်ပယ်ကြလိမ့်မယ်လို့ မထင်ဘူး ဆိုပြီး နိုင်ငံတကာ အကဲခတ်တွေက ဘီဘီစီကို ပြောထားပါတယ်။

Crd

Leave a Reply

Your email address will not be published.