တံတားသစ်ကြီးကြောင့် အိမ်နီးချင်းမြန်မာထက် အပြတ်သာသွားတော့မယ့် ဘင်္ဂလားဒေ့ရှ်

News

တံတားသစ်ကြီးကြောင့် အိမ်နီးချင်းမြန်မာထက် အပြတ်သာသွားတော့မယ့် ဘင်္ဂလားဒေ့ရှ်

ဘင်္ဂလားဒေ့ရှ် ဖွင့်လိုက်တဲ့တံတားက တစ်ကယ့်ကို မသေး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အရှည်လျားဆုံး တံတားဖြစ်လာတဲ့ Padma Bridge ။ ကဲ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်သတင်းတွေဖယ်ပြီး အယ်လ်ဂျာဇီးယားကရေးတဲ့ အချက်အလက်လေးတွေ လေ့လာကြည့်ပါစို့။

ဒေါ်လာ ၄ ဘီလီယံနီးပါး အကုန်အကျခံ တည်ဆောက်ထားတဲ့ ၆.၁၅ ကီလိုမီတာ(၃.၈၂ မိုင်) အရှည်ရှိတဲ့ တံတားဟာ ဆင်းရဲနွမ်းပါးတဲ့ အနောက်တောင်ပိုင်း ဒေသကို မြို့တော်နဲ့ ဆက်သွယ်ပေးမှာ။ အနောက်တောင်ဘက်၂၁ ခရိုင်ကို ကားလမ်း၊ ရထားလမ်းတွေကတစ်ဆင့် ဒါကာနဲ့ ချိတ်ဆက်ဖို့ ၂၀၁၅ ထဲက စဆောက်ခဲ့။

နှစ်ထပ် သံမဏိကြေိုးတံတား- အပေါ်ထပ်မှာ လေးလမ်းသွား အဝေးပြေးလမ်းတစ်ခုနဲ့ အောက်ထပ်မှာ တစ်လမ်းသွား ရထားလမ်း။ စီမံကိန်းက ကြီးလွန်းပြီး ပြဿနာမျိုးစုံတက်၊ အကျင့်ပျက်ခြစားအသံထွက်လွန်းတော့ ဒေါ်လာ ၁.၂ ဘီလီယံချေးမယ့် ကမ္ဘာ့ဘဏ်က ၂၀၁၂ မှာ နှုတ်ထွက်သွား။

အဲဒီနောက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)နဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) အပါအဝင် တခြားအလှူရှင်တွေလည်း စီမံကိန်းက နုတ်ထွက်သွား။

ဒါနဲ့ ရှိတ်ဟာဆီနာအစိုးရကပဲ ပြည်သူ့ဘဏ္ဍာကနေ ရန်ပုံငွေအားလုံးနီးပါး ကျခံခဲ့ပြီး တရုတ်ကုမ္ပဏီကို တာဝန်ပေး ဆက်ဆောက်စေခဲ့။ တံတားတည်ရတဲ့ Padma မြစ်အခြေအနေက တောင်အမေရိကရဲ အမေဇုံမြစ်ပြီးရင် ခန့်မှန်းရအခက်ဆုံးမြစ်မှာ တည်ရတာတဲ့။

တရုတ်အစိုးရပိုင် မီးရထားလမ်း အဓိကတံတားအင်ဂျင်နီယာအဖွဲ့ (RMBEG)က ဘင်္ဂလားဒေ့ရှ် အင်ဂျင်နီယာ ၁၂၀၀ လောက်နဲ့ ဆောက်ခဲ့။ သံမဏိပိုင်တွေကို အနက် ၁၂၂ မီတာ (ပေ ၄၀၀) မြစ်ကြမ်းပြင်ထဲစိုက်ထား၊ ကမ္ဘာပေါ်မှာ ပိုင်အနက်ဆုံး တံတားလို့ဆို။

တံတားပိုင်ရိုက်ရတဲ့မြစ်ရေ ဘယ်လောက်စီးလဲဆို စက္ကန့် ၂၀ တိုင်းမှာ Mawa point (တံတားတစ်ဖက်စွန်း) မှာ စီးဆင်းတဲ့ရေဟာ ဒါကာမြို့ရဲ့ တစ်နေ့တာအသုံးပြုတဲ့ စုစုပေါင်းရေပမာဏနဲ့ ညီမျှတယ်လို့ တံတားစီမံကိန်းဒါရိုက်တာက အယ်လ်ဂျာဇီးယားကို ပြောပြခဲ့။

တံတားရဲ့ နောက်ထပ်ထူးခြားတဲ့အင်္ဂါရပ် – ပင်မသံမဏိအဆောက်အအုံနဲ့ ကွန်ကရစ်ဆိပ်ခံအုတ်မြစ်ကို ပံ့ပိုးဖို့ ခေတ်မီပွတ်တိုက်ချိန်သီး bearings (FPB) ကို သုံးခဲ့တယ်ဆို။ ဒီလို bearing တွေ ကမ္ဘာမှာ အရင်က ဘယ်မှာမှ မသုံးဖူးသလို ပြင်းအားအဆင့် ၉ ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိတယ်ဆို။

အင်ဂျင်နီယာဆိုင်ရာ စိန်ခေါ်မှုတွေကြောင့် စီမံကိန်းကုန်ကျစရိတ် ကနဦးခန့်မှန်းခြေ ဒေါ်လာ ၁.၂ ဘီလီယံထက် သုံးဆနီးပါး မြင့်တက်လာ၊ ဒါ့အပြင် စီမံကိန်းအသုံးစရိတ် ထက်ဝက်ကျော်ကို နိုင်ငံခြားငွေနဲ့ ပေးခဲ့ပြီး ကျန်တာကို ဘင်္ဂလားဒေ့ရှ်ငွေကြေး Taka နဲ့ပေးရာမှာ Taka တန်ဖိုးကျလို့ ဘတ်ဂျက်ပိုကုန်ခဲ့။

ဘယ်လိုပဲဖြစ်ဖြစ် ဒါကာကနေ ၆၈ ကီလိုမီတာ (၄၂ မိုင်) မှာရှိတဲ့ Padma တံတားသည် နိုင်ငံရဲ့ အနောက်တောင်ဘက်ဒေသကို ဝင်ပေါက်တစ်ခုဖြစ်လာပြီ။ ဒေသတွင်း အဓိက ခရိုင်တွေနဲ့ ခရီးသွားလာချိန် သိသိသာသာ လျှော့ချပေး။ ဒါကာနဲ့ ဘင်္ဂလားဒေ့ရှ် ဒုတိယအကြီးဆုံး ဆိပ်ကမ်း Mongla မြို့ကြား အကွာအဝေးကိုလည်း ကီလိုမီတာ ၁၀၀ (၆၂ မိုင်) လျော့သွားစေ။

အနောက်တောင်ခရိုင်တွေနဲ့ ဒါကာဟာ ကီလိုမီတာ ၁၈၀-၃၀၀ (၁၁၁-၁၈၆ မိုင်) ပဲ ဝေးပေမယ့် ဖယ်ရီသင်္ဘောတွေနဲ့ သွားရလို့ ၁၅ နာရီကနေ ၂၂ နာရီကြာခဲ့။

ခုတော့ အစိုးရပိုင်တံတားဌာနခွဲ လေ့လာမှုအရ Padma တံတားဟာ တစ်ရက်ကို ကူးတို့ယာဉ်အစီးရေ ၂၆၂၀ အတွက် ကူးတို့စောင့်ဆိုင်းချိန် စုစုပေါင်း ၁၈၇၇၂၇ နာရီ သက်သာစေမယ်ဆို။ တံတားဖွင့်ပြီးရင် နေ့စဉ် ကားအစီးရေ ၂၄၀၀၀ ဖြတ်ကူးမယ် ခန့်မှန်း။

တံတားရဲ့ စီးပွားရေးအကျိုးသက်ရောက်မှုက အနောက်တောင်ဒေသရဲ့ နှစ်စဉ်ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ကို ၂.၅ ရာခိုင်နှုန်းတိုးစေမယ်၊ နိုင်ငံ့စုစုပေါင်း GDP ရဲ့ ၁.၂၃ ရာခိုင်နှုန်းကျော် တိုးစေမယ်။

အဓိကအကျိုးကျေးဇူးက ငါးဖမ်းတာနဲ့ စိုက်ပျိုးရေးအတွက် လူသိများတဲ့ အနောက်တောင်ပိုင်းခရိုင်တွေနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ စီးပွားရေးအသက်သွေးကြောဖြစ်တဲ့ Dhaka-Chattogram စီးပွားရေးစင်္ကြန်ကို ဆက်သွယ်ပေးမှာပါပဲ။

လက်ရှိမှာ Padma မြစ်ကို ဖြတ်တဲ့ သယ်ယူပို့ဆောင်ရေးက ကူးတို့သင်္ဘောများပေါ်မှာ မှီခိုနေရလို့ အနောက်တောင်ပိုင်းခရိုင်တွေမှာ စက်မှုလုပ်ငန်းတွေ မများသေး။ ဘင်္ဂလားဒေ့ရှ်ရဲ့ အထင်ရှားဆုံးစက်မှုလုပ်ငန်းနဲ့ အဓိက ပို့ကုန်ဝင်ငွေဖြစ်တဲ့ အသင့်ချုပ်အထည်ကဏ္ဍ၊ အဲဒီခရိုင်တွေကနေ လုံးဝမရှိခဲ့၊ အခုတော့ တံတားပြီးသွားပြီး အဲဒီအနောက်တောင်ခရိုင်တွေမှာလည်း အထည်ချုပ်နဲ့ တခြားလုပ်ငန်းတွေ ရင်းနှီးမြှပ်နှံလာကြဖို့ မျှော်လင့်နိုင်ပါပြီတဲ့။ (Min Myat San)

Crd
Zawgyi ဖြင့်ဖတ်ရန်

မြန်မာ့သမိုင်းထဲက “ဒေါင်းယာဉ်ပျံဘုံနဘေး စာရေးလို့ထားချင်တယ်” ဆိုတဲ့ ဖြစ်ရပ်မှန်အကြောင်း

ပင်းမင်းသမီးကြီးဟာ မင်းတုန်းမင်းကြီးရဲ့ အိမ်ထောင်ရှင် အပျိုစင် မင်းသမီး ၃ပါးမှာ တပါးအပါအဝင်ဖြစ်ပါတယ်။ သူတို့တွေကတော့ မိုင်းနောင်စုဖုရားကြီး၊ တိုင်တားထိပ်ခေါင်တင်နဲ့ ပင်းမင်းသမီးကြီး တို့ပဲဖြစ်ပါတယ်။ သူတို့တွေဟာ လူသိရှင်ကြားတရားဝင် လက်ထပ် ထိမ်းမြားခဲ့ကြပေမယ့် ယင်ဖိုတောင်မသန်းခဲ့တဲ့ အပျိုစစ်စစ်တွေဖြစ်ခဲ့ပါတယ်။

ပင်းမင်းသမီးဟာ မင်းတုန်းမင်းကြီးနဲ့ စားပွဲတောင်တိုက်စားမိဖုရားတို့ရဲ့ သမီးတော် နှစ်ပါးအနက် သမီးတော်ကြီးဖြစ်ပါတယ်။ မယ်တော်မိဖုရားဟာ မင်းတုန်းမင်းရဲ့ မင်္ဂလာအိမ်တော်ပါမိဖုရား(မင်းသားဘဝကကောက်ယူထားခြင်း) ဖြစ်၍ မင်းတုန်းမင်း နန်းတက်တဲ့အခါမှာ မဟေဘွဲ့ခံ မိဖုရားလတ် အဆင့်ရာထူးပေးပြီးမြှောက်စားခဲ့ပါတယ်။

နောက်မကြာမီမှာ ဒေဝီဘွဲ့ခံ မိဖုရားရာထူးပေးပြီးမြှောက်စားခဲ့ပေမယ့် မိဖုရားဖြစ်ပြီး ၃ နှစ်အကြာမှာ ကံကုန်ခဲ့ပါတယ်။ ပင်းမင်းသမီးကြီးနဲ့ ညီမတော်မိုးမိတ်မင်းသမီးတို့ကို မင်းတုန်းမင်းကြီးရဲ့ နန်းမတော်စင်္ကြာဒေဝီက ထိမ်းသိန်းစောင့်ရှောက်ခဲ့ရပါတယ်။

ပင်းမင်းသမီးအရွယ်ရောက်တဲ့အခါမှာ ခမည်းတော်မင်းတုန်းဘုရင်က မောင်တော်ဖြစ်သူ မက္ခရာမင်းသားကြီး နဲ့ ရေသွန်းလက်ထပ်ပေးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ မက္ခရာမင်းသားဟာ တရားဝင် ကိုယ်လုပ်တော်ခုနှစ်ယောက်နဲ့အတူ နန်းပြင်အဆောင်တော်မှာ နေထိုင်တာကို ပင်းမင်းသမီးလေးဟာ သိပါလျက်နဲ့ ခမည်းတော်ကိုမလွန်ဆန်နိုင်လို့သာ လက်ခံခဲ့ရရှာပါတယ်။

မက္ခရာမင်းသားကြီးဟာလဲ ပင်းမင်းသမီးနဲ့ လက်ထပ်တဲ့အချိန်ကစလို့ ပင်းမင်းသမီးလေး ထံအဆောင်တော်မကူးခဲ့ပဲ နန်းပြင်ဆောင်က ကိုယ်လုပ်တော်တွေနဲ့သာ နေထိုင်ခဲ့ပါတယ်။ ဒီအကြောင်းကို မင်းတုန်းမင်းကြီးသိတဲ့အခါမှာ ညီမတော် ပင်းမင်းသမီးထံအဆောင်တော်ကူးဖို့အရေး မိန့်ကြားပေမယ့် “သွားပါ့မယ်ဘုရား”ဆိုတဲ့ ချွေးသိပ်စကားနဲ့သာပြီးခဲ့ပါတယ်။

နောက်ဆုံးမင်းတုန်းမင်းကြီးဟာ မင်းမိန့်သုံးလို့ မက္ခရာမင်းသားရဲ့ ကိုယ်လုပ်တော်တွေကို ရပ်ရွာဇာတိပြန်စေပြီး မက္ခရာမင်းသားကိုလဲ နန်းတွင်းအဆောင်တော်ပြောင်းစေခဲ့ပါတယ်။ ဒါပေမယ့် မက္ခရာမင်းသားဟာ ခေါင်းမာစွာနဲ့ ပင်းမင်းသမီးထံအဆောင်တော်မကူးဘဲ သူ့ရဲ့ အချစ်ဆုံးသောကိုယ်လုပ်တော် မိုင်းရယ်စော်ဘွား၏နှမဖြစ်သူ ခင်မမ ကို မီးဖိုအုတ်တိုက်တစ်ခု မှာပုန်းနေစေပြီး အတူတကွနေထိုင်ကြပြန်ပါတယ်။

အဆုံးမှာတော့ မက္ခရာမင်းသားရဲ့ ရက်စက် စိမ်းကား မှုတွေကြောင့် ပင်းမင်းသမီးလေးဟာ စိတ်ထောင်းကိုယ်ကြေ၊ အရှက်ကြီးရလို့ ပိန်ကြုံဖျော့တော့ပြီး၊ စိတ်ဂနာမငြိမ်ဖြစ်ကာ ခမည်းတော်ဘုရင်ကြီးထံ မက္ခရာမင်းသား နဲ့ တရားဝင်ကွာရှင်းဖို့တောင်းဆိုခဲ့ရပါတော့တယ်။ ဒီလိုနဲ့ မင်းတုန်းမင်း ကြီးလဲ မတတ်သာတဲ့အဆုံးမှာ တရားဝင်ကွာရှင်းပေးခဲ့ရပြီး ပင်းမင်းသမီးလေးဟာလည်း လူတကာမေးငေါ့စရာ ရတနာပုံနန်းတွင်းမှာ ပွဲဦးထွက် အပျိုစင် တခုလပ် မင်းသမီးဘဝကို ရောက်ခဲ့ရပါတော့တယ်။

ဘဝဆိုးရှာသူ ပင်းမင်းသမီးလေးဟာ ဒီစိတ်ဒဏ်ရာတွေနဲ့ပဲ သက်တော် (၃၀) ကျော်ဝန်းကျင် ၁၂၄၄ ခုနှစ်မှာပဲ ကံတော်ကုန်ရရှာပါတယ်။ ဒီနေရာမှာ ပင်းမင်းသမီးလေးရဲ့ဘဝဟာ ကျန်သောအပျိုစင် အိမ်ထောင်ရှင်မင်းသမီးနှစ်ပါးဘဝနဲ့ ယှဉ်ရင် တော်တော်ဆိုးရွားခဲ့ပါတယ်။ မိုင်းနောင်စုဖုရားကြီးဟာဆိုရင် ညီမတော်စုဖုရားလတ်ကြောင့် သီပေါမင်းအဆောင်တော်မကူးခဲ့ပေမယ့် အားကိုးစရာ မိခင်တစ် ယောက်လုံးရှိနေခဲ့ပါတယ်။

အလားတူ တိုင်တားထိပ်ခေါင်တင်မင်းသမီးဟာလည်း မတ်ဖြစ်သူ ကောလင်းမင်းသားနဲ့တရားဝင်လက်ထပ်ခဲ့ရပေမယ့် အားကိုးစရာ မိခင်နဲ့ အစ်မတော် ရှိတဲ့အပြင် ကောလင်းမင်းသားဟာလည်းသူ့အပေါ်မရက်စက်ခဲ့ပါဘူး။

သီပေါမင်းရဲ့ ရက်စက်မှုကိုခံရရှာသူ စုဖုရားကြီး ကတော့ “ဒေါင်းယာဉ်ပျံဘုံနဘေး စာရေးလို့ထားချင်တယ်” လို့ သူ့အပူကို ဖွဲ့ဆိုခဲ့တဲ့အတွက် ပင်းမင်းသမီးလေးမှာတော့ မိတဆိုးဘဝရောက်ရုံမက မောင်တော်မက္ခရာမင်းသားကလည်း မသနားမညှာတာရက်စက်ခဲ့ပြန်တဲ့အတွက် သူ့အပူဟာ ငရဲမီးတမျှပူလောင်ခဲ့မယ်လို့ဆိုရင် မလွန်ပေဘူးလို့ထင်ပါတယ်။ ကိုးကား – ရတနာပုံနိဒါန်းနိဂုံး၊ ကုန်းဘောင်ရှင်းတမ်း (မင်းနန်သူ)

Crd

Leave a Reply

Your email address will not be published.