ထူးခြားပြီး အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ ဝါးနဲ့ဆောက်ထားသော မြန်မာနိုင်ငံက စာသင်ကျောင်းလေး

News

ထူးခြားပြီး အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ ဝါးနဲ့ဆောက်ထားသော မြန်မာနိုင်ငံက စာသင်ကျောင်းလေး

နိုင်ငံခြားသားခရီးသွားတွေ အလာအများဆုံးဒေသတွေထဲကတခုဖြစ်တဲ့ အင်းလေးကန်အနီး၊ ရှမ်းတောင်တန်းတွေ ဝန်းရံထားတဲ့ ညောင်ရွှေမြို့နယ် ချောင်းစောက်ကျေးရွာမှာ ဝါးနဲ့ ဒီဇိုင်းဆန်းဆန်းတည်ဆောက်ထားတဲ့ အဆောက်အအုံ ၃ ခုဟာ ဖြတ်သွား ဖြတ်လာတိုင်းကို အထူးအဆန်းတခုလိုဖြစ်စေပြီး လည်ပြန်ကြည့်သွားစေပါတယ်

ညောင်ရွှေကနေ မိုင်းသောက်သွားတဲ့ လမ်းမဘေး၊ အင်းလေးကန်ရဲ့ အရှေ့မြောက်ဘက်နားမှာရှိတဲ့ ဒီ အဆောက်အအုံ ၃ ခုမှာ အမှတ်တမဲ့ မြင်လိုက်ရင်တော့ နိုင်ငံခြားသားခရီးသွားတွေအတွက် ဟိုတယ် ဒါမှမဟုတ် စားသောက်ဆိုင် အသစ်တခုလို့ ထင်ရပါတယ်။

ဒါပေမယ့် ခြံဝန်းထဲမှာ ကလေးတွေ ကစားတဲ့ ဆီးဆော၊ လျှော၊ ဒန်းစတာတွေကို မြင်သွားရင်တော့ ကလေးတွေနဲ့ ဆိုင်တဲ့ နေရာတခုခုလို့ မှန်းဆနိုင်ပါလိမ့်မယ်။ အဲဒီအဆောက်အအုံ ၃ ခုဟာ ညောင်ရွှေရဲ့ ပထမဦးဆုံးကိုယ်ပိုင်ကျောင်း ဖြစ်ပါတယ်

ညောင်ရွှေနဲ့ အင်းလေးဒေသဝန်းကျင် မှာရှိတဲ့ ကလေးတွေအတွက် အင်းလေးဒေသအမွေအနှစ် က မြေ ၄ ဧက နေရာမှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။အင်းလေးဒေသအမွေအနှစ်ကို တည်ထောင်သူ ဒေါ်ယဉ်မျိုးစုဟာ အင်းလေးမှာ Inle Princess Resort နဲ့ ရခိုင်ပြည်နယ်မှာ Mrauk-U Princess Resort ဆိုပြီး

ဟိုတယ်နှစ်ခုရဲ့ မန်နေဂျင်းဒါရိုက်တာဖြစ်ပြီး အင်းလေးကန်နဲ့ အင်းသားရိုးရာ အမွေ အနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်မှုတွေအတွက် အသိအမှတ်ပြုခံထားရသူလည်း ဖြစ်ပါတယ်။ ဒေါ်ယဉ်မျိုးစုရဲ့ အခု နောက်ဆုံးဆောင်ရွက်မှုတွေထဲမှာ ပညာရေးကဏ္ဍ ပါဝင်လာပါတယ်

ကျမရဲ့အလုပ်ခွင်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျမရဲ့ပတ်ဝန်းကျင်က မိသားစုတွေမှာ အခုနောက်ပိုင်းကလေးငယ်တွေ အများကြီး တွေ့လာရတယ်။ ဒီကလေးတွေကို မြင်တော့ ဒီဒေသ ဒီပတ်ဝန်းကျင်မှာ ကျမငယ်ငယ်က

ကျမလိုချင်ခဲ့တဲ့ ငယ်ဘဝ ပုံစံမျိုးလေး သူတို့ကိုရစေချင်မိတယ် လို့ ဇွန်လ ၁၈ ရက်နေ့က သူ့ရဲ့ အင်းလေးဒေသအမွေအနှစ် ကိုယ်ပိုင်ကျောင်း ကို ဧရာဝတီသတင်းဌာနရဲ့ သတင်းထောက်တွေကို ရှင်းပြပါတယ်

ညောင်ရွှေပတ်ဝန်းကျင်တဝိုက်မှာ ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုပြီး ကျောင်းသားတွေကို အနုပညာ၊ အားကစား၊ သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှု၊ သမိုင်းအမွေအနှစ်နဲ့ ရပ်ရွာပတ်ဝန်းကျင်အကြောင်းပိုနားလည်စေနိုင်မယ့်

အစိုးရ ကျောင်းတွေထက် ပိုပြီးကျောင်းသားတွေအတွက် အခန်းကဏ္ဍတွေ စုံစုံလင်လင်ရှိတဲ့ ကျောင်းမျိုးလိုအပ်တယ်လို့ ယူဆကြောင်းလည်း ဒေါ်ယဉ်မျိုးစုကပြောပါတယ်။

“ကျမက ဒီမှာမွေးခဲ့တယ်၊ ဒီမှာနေတယ်၊ ဒီမှာပဲ အသက်မွေးဝမ်းကျောင်း ပြန်လုပ်တယ်။ အဲဒီအတွက် ကျမရဲ့ ပတ်ဝန်းကျင် အတွက် ကျမတတ်နိုင်သလောက် ပြန်ပြီးလုပ်ပေးချင်တယ်၊ အထူးသဖြင့် နိုင်ငံရဲ့ အပြောင်းအလဲ ကာလမျိုးမှာပေါ့” လို့ ကျောင်းဆောက်ဖြစ်ရတဲ့အကြောင်း ပြောပြပါတယ်

မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်ကစပြီး ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်ခွင့်လိုင်စင်တွေ ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ စစခွင့်ပြုခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ ကိုယ်ပိုင်ကျောင်းပေါင်း ၆၀ ကျော် စာရင်းသွင်းလုပ်ကိုင်ခဲ့ပြီး

၂၀၁၆-၁၇ ပညာသင်နှစ်မှာတော့ ကိုယ်ပိုင်ကျောင်းပေါင်း ၅၈၅ ကျောင်း စာရင်းရှိခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနရဲ့ အကြီးအကဲတဦးဖြစ်သူ ဦးကျော်သူက ပြောပါတယ်

အနောက်နိုင်ငံတွေရဲ့ သင်ရိုးအသုံးပြုသင်ကြားတဲ့ နိုင်ငံတကာ ကျောင်းနဲ့ ကိုယ်ပိုင်ကျောင်းတွေ အရမ်း ခေတ်စား လာပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ ကျောင်းလခဈေးအကြီးဆုံး နိုင်ငံတကာကျောင်းတကျောင်းဟာ ကျောင်းသားတယောက်ကို ပျမ်းမျှအားဖြင့် တလ ဒေါ်လာ ၂၀၀၀ လောက်အထိ ကောက်ခံတယ်လို့လည်း စုံစမ်းသိရှိရပါတယ်

မြန်မာအစိုးရ အသိအမှတ်ပြု သင်ရိုးဒါမှမဟုတ် မြန်မာအစိုးရသင်ရိုးနဲ့ပဲ သင်ကြားတဲ့ ကိုယ်ပိုင်ကျောင်းတကျောင်းမှာ ယေဘုယျအားဖြင့် ကျောင်းသား တယောက်ကို တလ မြန်မာငွေ ၅၀၀၀၀ ခန့် အနည်းဆုံးကောက်ခံတယ်လို့ သိရှိရပါတယ်

အင်းလေးဒေသအမွေအနှစ် ကိုယ်ပိုင်ကျောင်းမှာတော့ မူကြိုနဲ့ သူငယ်တန်းကလေးများအတွက် ကျောင်းလခ တလကို မြန်မာငွေ ၃၅၀၀၀ ကျပ် ကောက်ခံပြီး ပထမတန်းနဲ့ ဒုတိယတန်းကလေးများအတွက်တော့ ၄၀၀၀၀ ကျပ် ကောက်ခံတယ်လို့ သိရပါတယ်

အင်းလေးဒေသအမွေအနှစ် ကိုယ်ပိုင်ကျောင်းရဲ့ ပထမဦးဆုံးအဆောင် ၃ ဆောင်ကို တနှစ်ခန့် အချိန်ယူ ဆောက်လုပ်ခဲ့ရပြီး ကျောင်းရဲ့ ပထမဦးဆုံးပညာသင်နှစ်ကို ယခုနှစ် ဇွန်လ ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်

အဆောင် ၃ ဆောင်၊ မူကြိုမှ ဒုတိယတန်းအထိ ကျောင်းသားကျောင်းသူပေါင်း ၁၁၈ ယောက်အတွက် စာသင်ခန်း ၆ ခန်း (တခန်းအလွတ်)နဲ့ ကစားစရာနေရာ ၂ ခု စီစဉ်ထားတာတွေ့ခဲ့ရပါတယ်

ရှေ့နှစ်များမှာတော့ ကျောင်းအဆောင် အားလုံးပေါင်း ၁၂ ခု အထိ ရှိလာအောင် တိုးချဲ့ပြီး အခြေခံပညာ အထက်တန်းအထိပါ စီစဉ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်

ဝါးကိုအသုံးပြုတည်ဆောက်ခြင်း-

ကျောင်းရဲ့ ထူးခြားတဲ့ဒီဇိုင်းဟာ ကွန်ကရစ်ကျောင်းဆောင်တွေ၊ ကစားစရာနေရာ အကန့်အသတ်ရှိတတ်တဲ့ တခြား ကျောင်းတွေနဲ့မတူဘဲ ထူးခြားနေတဲ့ အဓိကအချက်တချက် ဖြစ်ပါတယ်

ဒေါ်ယဉ်မျိုးစုကတော့ ဒီကျောင်းရဲ့ တည်ဆောက်မှုနဲ့ ဒီဇိုင်းဟာ ဝါးကိုအခြေခံ ပြုလုပ်ထားတာကြောင့် ခေတ်ဒီဇိုင်းကို ရိုးရာပုံစံနဲ့ ရောယှက်ပြီးဒေသရဲ့ ယဉ်ကျေးမှုနဲ့ပါမက သဘာဝနဲ့ပါ နီးစပ်တဲ့ ပုံစံမျိုးဖြစ်တယ်လို့ ဆိုပါတယ်

ပုံမှန်မြင်နေကျ ပုံစံမျိုးမဟုတ်ဘဲ ထူးထူးခြားခြားဒီဇိုင်းရှိပြီး သဘာဝပတ်ဝန်းကျင်နဲ့ရော အဆောက်အအုံ ဘေးပတ်ဝန်းကျင် နေရာတွေနဲ့ပါ အက်စပ်တဲ့ပုံစံမျိုးနဲ့ ကျောင်းကို ဆောက်ချင်တဲ့ရည်ရွယ်ချက်ကြောင့် ဝါးကို အသုံးပြုဆောက်လုပ်ခဲ့ရခြင်း ဖြစ်တယ်လို့ သူကဆိုပါတယ်

ကျောင်းဆောက်လုပ်ရာမှာ သုံးခဲ့တဲ့ ဝါးတွေ အားလုံးကိုလည်း ညောင်ရွှေ ပတ်ဝန်းကျင် ကနေပဲ ရယူအသုံးပြုခဲ့တာလို့ ပြောပါတယ်

အာရှယဉ်ကျေးမှုမှာ ၁၀ ရာစုနှစ်ခန့်ကတည်းက ဝါးကိုအသုံးပြု ဆောက်လုပ်ခဲ့ကြပေမယ့် အခုနှစ်ပိုင်းတွေမှာ ဝါးဟာ သစ်ထက် ဈေးပိုသက်သာပြီး သဘာဝပတ်ဝန်းကျင်အတွက် ရေရှည်အကျိုးဖြစ်စေတာကြောင့် ခေတ်သစ် ဗိသုကာပညာနဲ့ အဆောက်အအုံ အတွင်းဒီဇိုင်းတွေအတွက် လူကြိုက်ပိုများလာခဲ့ပါတယ်။

ဝါးကိုခုတ်ယူလိုက်ရင် ပြန်ပေါက်တာ မြန်တဲ့အတွက် သစ်တော ပြုန်းတီးမှုကိုလည်းမဖြစ်စေတော့ဘူးလို့ သိရပါတယ်

“ကျမကကလေးတွေကို သူတို့ စာသင်ရတဲ့ အဆောက်အအုံကစလို့ နေ့တိုင်း မြင်နေရတဲ့၊ တွေးတောနိုင်တဲ့ အရာအားလုံးနဲ့ ပတ်သက်ပြီး ရေရှည်အကျိုးဖြစ်ထွန်းမှုကို ဒီအရွယ်ကတည်းကစပြီး စဉ်းစားစေချင်တယ်” လို့ ဒေါ်ယဉ်မျိုးစုကဆိုပါတယ်

“တခြားဆောက်မယ့်သူတွေကိုလည်း စီးပွားရေးအတွက်ပဲ ဆောက်ဆောက်၊ ကျောင်းပဲဆောက်ဆောက်၊ ဆေးခန်းပဲဆောက်ဆောက်၊ အိမ်ပဲဆောက်ဆောက် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ပစ္စည်းနဲ့ ရေရှည်အကျိုးဖြစ်ထွန်းမယ့် နည်းလမ်းကို အသုံးပြုပြီးဆောက်လို့ရတယ်ဆိုတာကိုလည်း ပြချင်တာပါပါတယ်” လို့ ဆက်ပြောပါတယ်

ဆောက်လုပ်ရာမှာ အသုံးပြုမယ့် ဝါးတွေကို အင်းဆက်ပိုးမွှားမတက်အောင် treatment ကောင်းကောင်းနဲ့ ပြင်ဆင်ထားပါက ဝါးအဆောက်အအုံတွေဟာ ဆယ်စုနှစ်များစွာတာရှည်ခံနိုင်တယ်လို့ ဆိုပါတယ်

ဝါးဟာ လေထုညစ်ညမ်းမှု မဖြစ်စေတဲ့အပြင် နည်းစနစ်မှန်မှန် အသုံးပြုဆောက်လုပ်ပါက သစ်ထက်ပင် မြေငလျင်ခံနိုင်ရည်အားကောင်းတယ်လို့ ဆိုကြပါတယ်

ကျောင်းကိုတည်ဆောက်ရာမှာ ထိုင်းနိုင်ငံအခြေစိုက် Bamboo Family ဒီဇိုင်းနှင့် ဆောက်လုပ်ရေးကုမ္ပဏီနဲ့ တွဲဖက် ဆောက်လုပ်ခဲ့တာဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုကြောင့် သူမရဲ့ ဝန်ထမ်းတွေနဲ့ ဆောက်လုပ်ရေးမှာ ပါဝင်ဆောင်ရွက်တဲ့

ဒေသခံအလုပ်သမားတွေဟာ ဝါးကိုပိုတာရှည်ခံအောင် ဘယ်လိုထိန်းသိမ်းရမလဲ၊ ဘယ်လို treatment လုပ်ပေးရမလဲ အစရှိတာတွေကို Bamboo Family ဆီကနေ သင်ယူနိုင်တဲ့ အခွင့်အရေးရခဲ့တယ်လို့ ပြောပြပါတယ်

ကလေးများ၏စာရိတ္တကို သင်ကြားပုံသွင်းခြင်း

အင်းလေးဒေသအမွေအနှစ် ကိုယ်ပိုင်ကျောင်းတွင် လက်ရှိဆရာ၊ ဆရာမ ၁၁ ယောက်၊ သင်ကြားရေးအကြံပေး ၂ ယောက်၊ ကျောင်းအုပ်ဆရာကြီးတယောက် အပါအဝင် ဝန်ထမ်းအားလုံးပေါင်း ၁၇ ယောက်ဖြင့် ပထမဆုံးစာသင်နှစ်ကို စတင် လည်ပတ်နေပါတယ်

ကျောင်းသားမိဘများရဲ့ သားသမီးများကို အမှတ်ကောင်းကောင်းရစေချင်သည့် မျှော်လင့်ချက်ဟာ ဒေသရဲ့ပထမဆုံး ကိုယ်ပိုင်ကျောင်းဖြစ်လာတဲ့ ကျောင်းအတွက် အကြီးမားဆုံးစိန်ခေါ်မှုတခု ဖြစ်တယ်လို့ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်စွာက ပြောပြပါတယ်

ကျောင်းရဲ့ ပထမဆုံးနဲ့ အကြီးမားဆုံးရည်ရွယ်ချက်မှာ ကလေးများကိုစာရိတ္တကောင်းကောင်းမွန်မွန်၊ စည်းကမ်းရှိရှိနဲ့ လူကောင်းများအဖြစ် ကြီးပြင်းလာစေဖို့ ဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်ကို အကျိုးပြုတတ်တဲ့ စိတ်ဓါတ်မျိုး ပျိုးထောင်ပေးဖို့ ဖြစ်တယ်လို့ ဦးအောင်ကျော်စွာက ရှင်းပြပါတယ်

“ကျနော့်အတွက် ပညာရေးဆိုတာ ဘွဲ့တွေ ဒီဂရီတွေထက်သာလွန်ပါတယ်။ ကလေးတွေကို သူတို့ဘာသာ ကောင်းကောင်းဝေဖန်ပိုင်းခြားနိုင်အောင်၊ ကောင်းတယ် ဆိုးတယ် သေချာသိပြီး၊ သိပြီးရင်လည်း သူတို့ဘာသာ ကောင်းတဲ့ပုံစံအတိုင်း သူတို့ဘဝမှာ လုပ်ဆောင်နိုင်အောင် ကျနော်တို့က လေ့ကျင့်ပေးနိုင်တယ်ဆိုရင် ဒါ ကောင်းတဲ့ ပညာရေးစနစ်လို့ ယူဆတယ်” လို့ ဦးအောင်ကျော်စွာက ဆိုပါတယ်

“ကျနော်ရဲ့ တသီးပုဂ္ဂလ ဆန္ဒအရဆိုရင်တော့ ကလေးတွေကိုအရမ်းကို ကြီးမားတဲ့မျှော်မှန်းချက်တွေမထားဘူး။ အနည်းဆုံးရည်ရွယ်ချက်ကဘာလဲဆိုရင် ကိုယ့်အတွက်နဲ့ ကိုယ့်ပတ်ဝန်းကျင်အတွက်ကိုဘာပဲလုပ်လုပ် စဉ်းစားတတ်တဲ့ စိတ်ကလေး ဖြစ်လာဖို့ပါ။ ဒါဖြစ်လာတယ်ဆိုရင် ကျနော်တို့ ပညာရေးစနစ် အောင်မြင်တယ်လို့ ယူဆရမှာပေါ့” လို့ သူကဆက်လက် ရှင်းပြပါတယ်

ကျောင်းစဖွင့်ပြီး ၂ ပတ်အကြာ၊ ၃ ပတ်မြောက် ပြန်အဖွင့်မှာတော့ ကျောင်းသားမိဘတွေ ကျောင်းအပေါ် ယုံကြည်မှု မရှိတော့ဘဲကလေးတွေကို ကျောင်းဆီမလွှတ်တော့ဘဲ ကလေးတွေ ပေါ်မလာတော့မှာကို စိုးရိမ်မိပါသေးတယ်လို့ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်စွာက ရယ်ရင်းပြောပြပါတယ်

ဒါပေမယ့် ၃ ပတ်မြောက်မှာတော့ ကောင်းတဲ့ တုံ့ပြန်မှုလေးတွေ စရလာတယ်လို့ ဆိုပါတယ်။ ကလေးတွေမှာ သူတို့ရဲ့ နေ့စဉ်ဘဝမှာ ပိုပြီး ကိုယ့်အားကိုယ်ကိုးတတ်လာတာကို သတိထားမိတယ်လို့ ကျောင်းသားမိဘတွေဆီကနေတဆင့် ပြန်ကြားရတယ်လို့ သိရပါတယ်

ဒါဟာ ခရီးရှည်ကြီးရဲ့ပထမဆုံးခြေလှမ်းတွေပါ။ ကျနော်တို့ လုပ်နေတာတွေအပေါ် မိဘတွေ ယုံကြည်ဖို့လိုတဲ့အတွက် ကျောင်းသားမိဘတွေနဲ့ အမြဲပဲ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားဖို့ ကြိုးစားပါတယ်” လို့ ဦးအောင်ကျော်စွာက ပြောပါတယ်

ကျောင်းတည်ထောင်သူ ဒေါ်ယဉ်မျိုးစုကတော့ ကလေးတွေ ငယ်စဉ်ကတည်းက တိရစ္ဆာန်တွေအပေါ် လေးစားမှု ရှိတတ်ဖို့နဲ့ တာဝန်သိသိ စားသုံးတတ်မှု အစရှိတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့

အလေ့အထတွေ ပျိုးထောင်ပေးနိုင်ဖို့ ကျောင်းဝန်းအတွင်းမှာ မွေးမြူရေးခြံလေးတခုနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းတခုကိုပါ ထည့်သွင်းနိုင်ရန် မျှော်မှန်း စိတ်ကူးထားကြောင်းပြောပြပါတယ်

“ကျမတို့ရဲ့ တိုင်းပြည်ကိုရော ပတ်ဝန်းကျင်ကိုရော ဒီကလေးတွေ လက်ထဲထည့်ရမှာ။ တနေ့ကျရင် သူတို့က တိုင်းပြည်ကို ခေါင်းဆောင်ပြီး တိုင်းပြည်ရဲ့ အနာဂါတ်ကို သူတို့ကဆုံးဖြတ်မှာ သူတို့ကိုအကောင်းဆုံးပညာတွေပဲပေးရမယ်” လို့ ဒေါ်ယဉ်မျိုးစုက ပြောလိုက်ပါတယ် – တင်ထက်ပိုင်

Crd

Leave a Reply

Your email address will not be published.