လေယာဉ်မောင်းချိန်မှာ မိသားစုဝင်တွေ စောင့်ကြည့်ခံနေရတဲ့ စစ်ကောင်စီရဲ့ ပိုင်းလော့များ
နေဝန်းနီ/ဧရာဝတီတိုင်းမ်
ဇူလိုင် ၁ ရက်
အာဏာသိမ်း စစ်ကောင်စီရဲ့လေတပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ လေယာဉ်မှူး (ပိုင်းလော့) တွေ အနေနဲ့ လေယာဉ်မောင်းချိန်၊ တာဝန်ထမ်းဆောင်နေချိန်မှာ တပ်ထဲမှာ ကျန်ရစ်ခဲ့တဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို စစ်ကောင်စီတပ်က စစ်သားအစောင့်တွေချပြီး အနီးကပ်စောင့်ကြည့်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။




လက်ရှိအချိန်တွင် စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ PDF တွေနဲ့ တိုက်ခိုက်ရာမှာ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ချိန်မှာ စစ်ကောင်စီလေတပ်က ပိုင်းလော့ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးတွေရဲ့ စစ်တပ်လိုင်းခန်း နေအိမ်အနီးမှာ စစ်တပ်က အစောင့်တွေလာချထားပြီး လေယာဉ်ပြန်ဆင်းလာမှ အစောင့်တွေပြန်သွားတဲ့အတွက် စစ်တပ်ထဲက လေယာဉ်ပိုင်းလော့တွေရဲ့မိသားစုဝင်တွေ အခက်တွေ့နေကြောင်း ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။




‘‘လေယာဉ်က ကွင်းထဲက မတက်သေးဘူး။ ကြည်းတပ်လို့ ယူဆရတဲ့သူတွေက အိမ်ပတ်ဝန်းကျင်မှာ လာစောင့်နေကြပြီ။ လက်နက်တွေပါတယ်။ လုံခြုံရေး ယူပေးတာလို့တော့ ပြောတာပဲ။ ဒါပေမယ့် ကျနော်တို့ သားသမီးတွေကို မယုံကြည်လို့၊ ခိုင်းတဲ့အတိုင်းမလုပ်လို့ တခုခုဆိုရင် ကျနော်တို့ကို အရင်ဆုံး ဖမ်းမယ်၊ ဓားစာခံ လုပ်ထားမယ်ဆိုတဲ့ သဘောမျိုးလားတော့ ကျနော်တို့ ခံစားရတယ်’’လို့ မှော်ဘီမြို့ရှိ စစ်ကောင်စီ လေယာဉ်ပိုင်းလော့တစ်ဦး၏ မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီ လေယာဉ်မှူးတွေ တာဝန်ထမ်းဆောင်ချိန်မှာ မိသားစုဝင်တွေ ကျန်ခဲ့တဲ့ နေအိမ်လိုင်းခန်းအနီး အခုလို စစ်တပ်က သေနတ်တွေနဲ့ လုံခြုံရေးလာစောင့်နေတာ လနဲ့ချီကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ အခုလို လေတပ်ကို ကြည်းတပ်လို့ ယူဆရတဲ့ အခြားသောတပ်က အမြဲတမ်း လာရောက် စောင့်ကြည့်နေတဲ့အတွက် ပိုင်းလော့မိသားစုဝင်တွေ စိတ်သောကရောက်နေကြကြောင်း သိရပါတယ်။




အာဏာသိမ်း စစ်ကောင်စီအနေနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကရင်ပြည်နယ်က တိုက်ပွဲတွေမှာ လေတပ်ကို အသုံးပြုပြီး စစ်ဆင်ရေးလုပ်နေသလို ထောက်ပို့လမ်းကြောင်းကိုလည်း ကုန်းကြောင်းမှ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေရတဲ့အတွက် အထိအခိုက်များနေတာကြောင့် လေကြောင်းကနေ ပြုလုပ်ပေးနေရပါတယ်။
“အဓိကတော့ စစ်တပ်မှာ ဘယ်သူ့မှ မယုံဘူး။ ကောင်တာတွေ (တန်ပြန်စုံစမ်းထောက်လှမ်း) တာတွေ အမြဲ ရှိတယ်။ ရာထူးကြီးလေ ပိုဆိုးလေပဲ။ စရဖတပ်အချင်းချင်းတောင် မယုံဘူး။ အခုလည်း လေတပ်က လေယာဉ်မှူးတွေက ဒေါ်လာသန်းချီတန်တဲ့ လေယာဉ်တွေ မောင်းနေရတာဆိုတော့ သူတို့ ပိုပြီး မယုံတာ။




Mi အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ စစ်ဘက်သုံး ရဟတ်ယာဉ်တွေဆိုရင် မြေညီ ၁ ဧကလောက် ရှိရင်ကို ဆင်းလို့ရပြီလေ။ အဲတော့ ဒီလိုရဟတ်ယာဉ်တွေနဲ့ CDM လုပ်ပြီး ပူးပေါင်းသွားတာတွေ လုပ်မှာစိုးလို့ လေတပ်ကို တခြားတပ်တွေနဲ့ လာဝိုင်းပြီး ထောက်ထားတဲ့သဘောပဲ”လို့ လုပ်သက်ရင့် တပ်မတော်သားဟောင်းတစ်ဦးက ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီတပ်မှာ ရန်ကုန်၊ မကွေး၊ နေပြည်တော်၊ နမ့်စမ်၊ မြိတ်၊ မုံရွာ၊ ဟုမ္မလင်း၊ တောင်ငူ၊ မိတ္ထီလာနှင့် ပုသိမ်မြို့တို့မှာ လေတပ်တွေရှိပြီး စစ်ဆင်ရေးတွေမှာ အဆိုပါလေတပ်တွေက လေယာဉ်တွေနဲ့ ပါဝင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်
Crd