“ဒေါ်အောင်ဆန်းစုကြည်ကို မူလနေရာပြန်ပို့ရေး ကမ္ဘောဒီးယားတောင်းဆိုမှု စစ်ကောင်စီပယ်ချ”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးကိုထောက်ဆပြီး နေပြည်တော် အကျဉ်းထောင်ထဲမှာမထားဖို့ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံ ခြား ရေးဝန်ကြီး Prak Sakhonn ရဲ့ တောင်းဆိုမှုကို လက်မခံနိုင်ဘူးလို့ စစ်ကောင်စီက တုံ့ပြန်လိုက်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်မှာထားရှိတဲ့ စစ်ကောင်စီလုပ်ရပ်ကြောင့် နိုင်ငံတကာဖိအား တိုးလာနိုင်ဖွယ် ရှိလာနိုင်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။




အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီး ယား နိုင်ငံခြားရေးဝန်ကြီး Prak Sakhonn က မြန်မာနိုင်ငံ ခရီးစဉ်မတိုင်ခင် ရက်ပိုင်းအလိုမှာ အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။ သူ့တောင်းဆိုချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် အသက်အရွယ်နဲ့ ကျန်းမာရေးကို ထည့်တွက်တာအပြင် တရားဥပဒေအရ မျှတတဲ့ ရင်ဆိုင်ခွင့်နဲ့လည်း သက်ဆိုင်ကြောင်းပြနေတယ်လို့ အာဆီယံ အထူးသံတ မန်က ပြောဆိုထားပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဗွီအိုအေက ဆက်သွယ် မေးမြန်းတာမှာတော့ သူက ခုလိုတုံ့ပြန်ပါတယ်။ “မြန်မာနိုင်ငံဟာ အချုပ်အခြာပိုင်တဲ့နိုင်ငံဖြစ်တယ်။ တရားစီရင်ရေးနဲ့ပတ်သက်ပြီးလည်း ကျနော်တို့အနေနဲ့ တရားရုံးဖွင့်လှစ် ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ အရေးယူတဲ့ဟာတွေ၊ တရားစွဲတင်တာတွေ၊ တရားစွဲတင်တဲ့ဟာတွေမှာဆိုရင် အဂတိအမှုကနေစရင် ရာဇဝတ်နဲ့ဆိုင်တဲ့ အမှုတွေဖြစ်တယ်။ ဒါနဲ့ပတ်သက်လို့ သူ့ရဲ့ပြဌာန်းချက်တွေကို ကျော်လွန်ဆောင်ရွက်ခဲ့တာ မရှိဘူး။ကျနော်တို့အနေနဲ့က အရင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးရင် သူရဲ့နေဖို့ ထိုင်ဖို့၊ စားရေး သောက်ရေးကအစ သီးခြား စီစဉ်ပေးထားတာမျိုးပဲ ဖြစ်ပါတယ်။




နိုင်ငံရဲ့တရားစီရင်ရေးအရ ကျော်လွန် ဆောင်ရွက်ခဲ့တာမရှိဘူး။ ဒါနဲ့ပတ်သက်လို့ ကျနော် ပြောလိုတာကတော့ ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူးပြောချင်ပါတယ်။”အာဆီယံအထူးသံတမန်ရဲ့ တောင်းဆိုချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့ နေအိမ်ကနေ နေပြည်တော် အချုပ် ထောင်ထဲ ပြောင်းလဲ နေထိုင်နေရတဲ့ကိစ္စကို အာဆီယံနိုင်ငံခြား ရေးဝန်ကြီးတွေကလည်း အလားတူ စိုးရိမ်မှုရှိနေကြောင်း ပြောဆိုထားပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့အမျိုးသားရင်ကြားစေ့ရေးနဲ့ ပုံမှန်အခြေအ နေအတိုင်း ပြန်ရောက်ရေးမှာ အရေးပါတဲ့ လူပုဂ္ဂိုလ်တစ်ဦးအဖြစ် မြန်မာလူထုကြားသာမက နိုင်ငံတကာမှာပါ လက်ခံထားသူ ဖြစ်တယ်ဆိုတာကိုလည်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးထံ စာရေး သားပေးပို့ထားတယ်လို့လည်း အာဆီယံ အထူးကိုယ် စားလှယ်က ပြောပါတယ်။




ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ အပတ်ကနေစတင်ပြီး ဖမ်းဆီး ထိန်းသိမ်းထားတဲ့နေအိမ်ကနေ နေပြည်တော် အချုပ်ထောင်ဆီ ပို့ဆောင်လိုက်ကြောင်း စစ်ကောင်စီက အတည်ပြု ပြောဆိုထားပြီး ဖြစ်ပါတယ်။ အသက် ၈၀ နီးပါးရှိနေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင် စည်းကမ်းတွေအတိုင်း ထားရှိတယ်လို့ ကနဦး သတင်းထုတ်ပြန်ထားပါတယ်။
ဒီလိုပို့ဆောင်တဲ့အ ပေါ် ပြည်သူတော်တော်များများနဲ့ နိုင်ငံတ ကာတွေဘက်က ဒေါ်အောင်ဆန်းစုကြည်အတွက် အနီးကပ်စောင့်ရှောက်ခွင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး စတာတွေအတွက် စိုးရိမ်ပူပန်တဲ့ မေးခွန်းတွေဟာ လူထုကြား ကျယ်ကျယ် လောင်လောင်ထွက်ပေါ်နေသလို အရင်နေ ရာမှာပဲ ပြန်ထားဖို့ တောင်းဆိုမှုတွေ ရှိနေခဲ့ပါတယ်။




စစ်ကောင်စီဘက်ကို အမြဲတစေ ကာကွယ်ပေးနေတဲ့ ကမ္ဘေားဒီးယားနိုင်ငံဘက်ကပါ ဒီလုပ်ရပ်အပေါ် ဝေဖန်မှုတွေရှိလာပြီး အခုလို တောင်းဆိုမှုတွေလုပ်လာတာက စစ်ကောင် စီအတွက် နိုင်ငံတကာဖိအား တိုးလာနိုင်ဖွယ် ရှိတယ်လို့ သုံးသပ်လိုက် သူကတော့ မြန်မာနဲ့ ကမ္ဘာနိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက် တာခင်ဇော်ဝင်းပါ။
“အဲဒါတော်တော်လေးကိုထူးဆန်းတယ်။ ကမ္ဘောဒီးယား ခနထားဦး။ တလောတုန်းက ဗီယက်နမ်ကပါ ပြောလာတယ်။ ဗီယက်နမ်ဆိုတာ ရာနှုန်းပြည့် ရုရှားလူ။ သူကတောင် ဒါတွေမလုပ်ဖို့ပြောလာတယ်။ ပြောမယ်ဆို အာဆီယံ နိုင်ငံတင်မကဘူး။ အကုန်လက်လန်ကုန်ပြီ။ ကမ်းကုန်နေပြီ။ ဒီလို မိတ်ဆွေနိုင်ငံကိုမှ ဂရုမစိုက် ရင် သံတမန်နည်းအရဆိုတာ ဘာလုပ်တော့မှာလဲ။




အမေရိကားလည်း တလောတုန်းကပြောလာပြီ။ အခု အာဆီယံပါပါလာပြီ။ နိုင်ငံတကာဖိအားဆိုတာ အများကြီးစဉ်းစားရမှာပဲ။” ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာသိမ်းတဲ့နေ့ကစလို့ စစ်ကောင်စီရဲ့ဖမ်းဆီးမှုကိုခံထားရပါတယ်။ အသက် ၈၀ နီးပါရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အာဏာ သိမ်းပြီး နောက် အမှုပေါင်း တဒါဇင်ကျော်နဲ့ တရားစွဲဆိုခဲ့ကာ လက်ရှိမှာ အမှု ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ် ချမှတ်ခံထားရပါတယ်။
လက်ရှိအကျဉ်းထောင်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုနေထိုင် စားသောက်နေရသလဲဆိုတာကို အသေးစိတ်မသိရပါဘူး။ အရင်အတူနေသူတွေ မပါဘဲ သူမတဦးထဲသာ နေပြည်တော်အကျဉ်း ထောင်ကိုပြောင်းရွှေ့ခံရတာပါ။ စစ်ကောင်စီဘက်ကတော့ အကျဉ်းဦးစီးဌာနက သီးသန့်စီစဉ်ပေးထားတဲ့ ဝန်ထမ်းအချို့ ကို ဒေါ်အောင်ဆန်းစုကြည်ဘေးနားမှာ ထားရှိထားတယ်လို့ ပြောပါတယ်။
VOA
Crd