” မုဒိတာတရားနဲ့ တည်ဆောက်ရမယ့်နိုင်ငံ”

News

” မုဒိတာတရားနဲ့ တည်ဆောက်ရမယ့်နိုင်ငံ”

#ဆရာမိုးခ ရဲ့ပို့အားကူးယူဖေါ်ပြသည်

ကျွန်တော့်ရဲ့ကိုယ်ပိုင်အကောင့်မှာ Kaung For You နဲ့ ပတ်သက်ပြီး ပို့စ် နှစ်ခါ တင်ပေးဖူးတယ်။ အဲ့လိုတင်ပေးပြီးတဲ့နောက်မှာ တစ်ချို့လူတွေက အကူအညီတွေ လာတောင်းကြတယ်။ မေးခွန်းတွေလာမေးကြတယ်။

အကူအညီလာတောင်းတယ်ဆိုတာက Kaung For You မှာ သူတို့ကလေးတွေ ကျောင်းအပ်ထားတာကို ရဖို့အတွက် ဆရာကောင်းနဲ့ ရင်းနှီးရင် ပြောပေးဖို့၊ကူညီပေးဖို့ လာပြောကြတာပါ။ တချို့ CDM ဆရာ/ဆရာမတွေဆိုရင်လည်း ” အလုပ်ရချင်တယ်၊အလုပ်လုပ်ချင်တယ်၊စိတ်အားထက်သန်မှုရှိတယ်၊အလုပ်ရရင်လည်း ကြိုးကြိုးစားစားလုပ်ပါ့မယ်” ဆိုပြီး ဆရာကောင်းကိုပြောပေးဖို့ အကူအညီလာတောင်းကြတယ်။အဲဒီ့အထိက အဆင်ပြေသေးတယ်။ ဘာမှပြဿနာမရှိဘူး။

ဒါပေမယ့် တချို့မေးခွန်းတွေကျ အဆင်မပြေတာမျိုးတွေရှိတယ်။ ဘယ်လိုမျိုးလဲဆိုတော့ ” ဆရာက Kaung For You နဲ့ ရင်းနှီးလား၊ ဆရာကောင်းနဲ့ ရင်းနှီးလား။ ဆရာ့အ‌နေနဲ့ Kaung For You ကောင်းကြောင်းတွေ ရေးပေးတာ ဘယ်လိုအကျိုးအမြတ်တွေရသလဲ၊ဆရာကောင်းကရော ဘာတွေများပေးထားသလဲ၊ ကြော်ငြာခတွေ ပေးသလား၊ ဘာလို့ဒီလိုမေးတာလဲဆိုတော့ သူက Cele တွေ Influencer တွေရဲ့အားကိုသုံးပြီး Kaung For You ကို နာမည်ကြီးအောင်လုပ်နေတာမို့လို့” ဆိုပြီး အဲ့လိုမေးခွန်းတွေ လာမေးကြတယ်။

အဲဒီ့လို အမေးခံရတော့ ကျွန်တော်လည်း တော်တော်အံ့သြသွားတယ်။ ဘာဖြစ်လို့များ အဲ့လိုမျိုးတွေ ထင်သလဲပေါ့။ ဘာတွေများရေးမိလို့လဲ? ဘယ်လို အသုံးအနှုန်းတွေကြောင့် အခုလိုမျိုးလာမေးသလဲဆိုပြီး အံ့အားသင့်သွားတယ်။ ဒါနဲ့ပဲ ကျွန်တော့်ကို လာမေးတဲ့သူတွေရဲ့ အကောင့်တွေကို စိတ်ဝင်တစားနဲ့ ဝင်ကြည့်ဖြစ်တယ်။ ဘာတွေ‌တွေ့ရသလဲဆိုရင် Kaung For You နဲ့ ပတ်သက်ပြီးတော့ ဝေဖန်တိုက်ခိုက်ထားတာတွေကို တွေ့ရတယ်။

ဝေဖန်တဲ့နေရာမှာလည်း အပြုသဘောဆောင်တဲ့ဝေဖန်မှုမျိုးမဟုတ်ဘဲ အပျက်သဘောဆောင်တဲ့ဝေဖန်မှုတွေ ဖြစ်နေတယ်။ သူတို့ရေးထားတာတွေကို ကြည့်လိုက်တော့ ကောင်းစေချင်တဲ့စေတနာကို ရှာမတွေ့ဘူး။ လူတစ်ယောက်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု ( Personal Attack – PA) ထက် မပိုဘူး။ Kaung For You ကျောင်းအုပ်ကြီး ဆရာကောင်းကို တိုက်ခိုက်ထားတာတွေပဲ တွေ့ရတယ်။ ဖတ်ပြီးတော့ စိတ်ထဲကသိကအောက်ဖြစ်သွားတယ်။ စိတ်မချမ်းမြေ့ဖြစ်သွားတယ်ဆိုရင် ပိုမှန်မယ်။

တစ်လက်စတည်းမှာပဲ ကျွန်တော်တို့ တော်လှန်ရေးအတွက် ရင်လေးမိသလို၊ကျွန်တော်တို့ နိုင်ငံအတွက်လည်း ဝမ်းနည်းသွားတယ်။ဘာကြောင့်ဝမ်းနည်းသွားရသလဲဆိုတော့ အဖွဲ့အစည်းတစ်ခုခု၊ လူပုဂ္ဂိုလ်တစ်ဦးဦး နယ်ပယ်တစ်ခုမှာ ထူးချွန်ပြီ၊အောင်မြင်ပြီဆိုရင် သူတို့ကို အားပေးချီးမြှောက်ရမယ့်အစား ဘာလို့ ထိုးချ တိုက်ခိုက်ချင်ကြသလဲ၊ ဘာလို့လက်တွဲ မခေါ်ယူဘဲ မြောင်းထဲပို့ချင်တဲ့ စိတ်ဓာတ်တွေရှိကြတာလဲ ဆိုပြီး။ အဲဒီ့လိုမျိုးတွေးမိပြီး စိတ်မကောင်းဖြစ်မိတယ်။

အခုချိန်မှာအားလုံးသိတဲ့အတိုင်းပဲ ပညာရေးက တော်လှန်ရေးရဲ့အရေးကြီးတဲ့ အဓိကအပိုင်းမှာပါနေတယ်။တခြားအရေးကြီးအကြောင်းအရာတွေလဲ အများကြီးပဲ။ အခုချိန်မှာ စစ်ကျွန်ပညာရေးကိုအမြစ်ဖြတ်နိုင်ဖို့အတွက်၊ စစ်အုပ်ချုပ်ရေးယန္တယားမလည်ပတ်ဖို့အတွက် တော်လှန်ရေးအင်အားစုတွေဟာ နည်းမျိုးစုံနဲ့ တိုက်ပွဲဝင်နေကြတယ်။ Kaung For You အပါအဝင် တခြား Federal School တွေလည်း သူ့နည်းသူ့ဟန်နဲ့ ကြိုးစားနေကြတာတွေရှိတယ်။

ကြားကာလပညာရေးမှာ Kaung For You က လူကြိုက်များ ရေပန်းစားနေတယ်။ ဒါဘာကြောင့် ဖြစ်လာတာလဲ? သူတို့ရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပဲဖြစ်တယ်။ ဆရာကောင်းရဲ့ ဦးဆောင်မှုနဲ့ Kaung For You ဆရာ/ဆရာမ အားလုံးရဲ့အပင်ပန်းခံ ကြိုးစားအားထုတ်မှုတွေကြောင့် ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုကို ရထားတယ်။ ဒီလိုအောင်မြင်မှုမျိုးကို ကျွန်တော်တို့က အသိအမှတ်ပြုရမယ်။ကြိုဆိုရပါမယ်။

တကယ့်လက်တွေ့အမှန်တရားတစ်ခုကို ပြောရမယ်ဆိုရင် ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ကိုယ့်ထက်အ​ခြေအနေနိမ့်ပါးတဲ့သူတွေဆိုရင် သနားညှာတာတတ်ကြတယ်။ကရုဏာတရား ထားနိုင်ကြတယ်။အစားအသောက်၊ အဝတ်အစား၊ ငွေကြေး၊ ပိုလျှံပစ္စည်းတွေ ပေးကမ်းကျွေးမွေး မျှဝေလိုစိတ်ရှိကြတယ်။ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက ကိုယ့်ထက် အခြေအနေ တန်းတူ၊မတိမ်းမယိမ်း ဖြစ်လာရင်/ ကိုယ့်ထက်နည်းနည်းသာသွားပြီဆိုရင် မုဒိတာတရား မထားနိုင်ကြတော့ဘူး။ မနာလိုဝန်တိုစိတ်တွေ ဖြစ်လာကြတယ်။

အဲဒီ့ မနာလိုဝန်တိုစိတ်ကြောင့်ပဲ တစ်ယောက်နဲ့ တစ်ယောက် ဝေဖန်တိုက်ခိုက်တာ၊ စောင်းမြောင်းပြီးတော့ အပုပ်ချတာတွေ ဖြစ်လာတယ်။ တစ်ယောက်ကိုတစ်ယောက် တွန်းတင်ရမယ့်အစား၊ လက်တွဲခေါ်ယူရမယ့်အစား ဆွဲချချင်တဲ့စိတ်၊ ခြေထိုးခံချင်စိတ်တွေ များနေကြတယ်။

ဘာကြောင့် ဒီလိုလုပ်သလဲဆိုရင် (jealousy)လို့ခေါ်တဲ့ မနာလိုဝန်တိုစိတ်ကို မထိန်းချုပ်နိုင်လို့။ မသိစိတ်ကဖြစ်ပေါ်လာတဲ့ မနာလိုဝန်တိုစိတ်ကို သိစိတ်က မထိန်းချုပ်နိုင်တဲ့အခါ မပြောသင့်တာတွေပြော၊ မလုပ်သင့်တာတွေ လုပ်မိကုန်တာ။ ကိုယ်မနာလိုတဲ့သူ နာမည်ပျက်ရင်ပြီးရော၊ ဒုက္ခရောက်ရင်ပြီးရောဆိုတာမျိုးတွေ လုပ်ကုန်ကြတယ်။

တော်လှန်ရေးက ဘာကြောင့် ပိုကြာနေရသလဲဆိုရင် မအလတို့ အရမ်းတော်နေလို့မဟုတ်ဘူး။ မနာလိုဝန်တိုစိတ်များပြီး ထိုင်ခုံနေရာမက်တဲ့သူတွေ၊ အချင်းချင်း အပုပ်ချတိုက်ခိုက်ပြီး နေရာလိုချင်တဲ့သူတွေများနေလို့ တော်လှန်ရေးက ကြာနေတာ။

တစ်ယောက်ယောက်နေရာရလာပြီ၊ နာမည်ကောင်းရလာပြီဆိုရင် မုဒိတာပွားရမယ့်အစား၊ချီးကျူးဂုဏ်ပြုရမယ့်အစား၊ အတုယူကြိုးစားရမယ့်အစား မနာလိုဝန်တိုစိတ်နဲ့ ဆွဲချဖို့ကြိုးစားနေကြလို့။ သူက ဘာမို့လို့တုန်း၊ သူက ဘယ်လိုကြောင့် ဒီလိုနေရာရောက်လာတာလဲ စသဖြင့် ဝိုင်းဝန်းတိုက်ခိုက်ကြတယ်။ အမှားတစ်ခုလုပ်မိတာနဲ့ ရစရာမရှိအောင်တိုက်ခိုက်ကြတယ်။

ဒါမျိုးတွေကို ကျွန်တော်တို့တွေ ပြင်မှရမယ်။ နွေဦးတော်လှန်ရေးမှာ ကျွန်တော်တို့တွေက စစ်အာဏာရှင်စနစ်ကို ဖြိုချဖျက်ဆီးရုံတင်မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ အတွေးအခေါ် (ideology) တွေကိုလည်း တော်လှန်ပစ်ရမယ်။ ဘာသာရေးမှိုင်းတွေ၊လူမျိုးရေးမှိုင်းတွေကိုလည်း ချေပျက်ပစ်ရမယ်။ဒါတွေအကုန်လုံးကို ပြုပြင်ပြောင်းလဲယူရမယ်။အထူးသဖြင့် ကျွန်တော်တို့ရဲ့ စိတ်ဓာတ်တွေကို ပြုပြင်ပြောင်းလဲပစ်ရပါမယ်။

ဥပမာအနေနဲ့​ပြောပါမယ်။ ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဒီနေ့၊ ဒီအချိန်ထိ ရပ်တည်နိုင်သလဲ။ နှစ်ပေါင်း ၃၀ ကျော်အထိ နာမည်ကောင်းရထားသလဲ? သူ့စိတ်ဓာတ်နဲ့ လုပ်ရပ်တွေက မြင့်မားလို့ပါ။ သူ့ကို မနာလိုတဲ့သူ‌တွေ၊ အပုပ်ချတိုက်ခိုက်တဲ့သူတွေ ဘာဖြစ်သွားသလဲ? မြောင်းထဲရောက်သွားကြပါတယ်။ဒါကြောင့်မို့ ကိုယ့်အလုပ်ကိုယ်လုပ်ပါ။

မနာလိုဝန်တို စိတ်တွေ ကိုယ့်စိတ်ထဲမှာ ဖြစ်နေရင် သတိချပ်ပြီးတော့ ပြုပြင်ပြောင်းလဲပါလို့ တိုက်တွန်းချင်ပါတယ်။တော်လှန်ရေးမကြာစေချင်ဘူးဆိုရင် ဘက်တူအချင်းချင်း မတိုက်ခိုက်ပါနဲ့။ ဆွဲမချပါနဲ့။ ခြေထိုးမခံပါနဲ့။ စေတနာထားပြီးတော့ ပြောဆိုပြုပြင်ပြောင်းလဲပေးပါ။ လက်တွဲခေါ်ပေးပါ။

တကယ်တော့ စစ်တပ်အာဏာသိမ်းတာဟာ ငွေကြေးအကျိုးစီးပွားအပြင် ” မနာလိုဝန်တိုတဲ့ကိစ္စ” ဟာလည်း အဓိကကျတယ်။ မအလဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြစ်တည်မှုကို မနာလိုဘူး။ သူ့အပေါ် ပြည်သူတွေ ချစ်ခင်လေးစားကြတာကို မနာလိုဘူး။ အာဏာသိမ်းလိုက်ရင် ဒေါ်အောင်ဆန်းစုကြည်လိုမျိုး ဖြစ်လာလိမ့်မယ်လို့ ယူဆခဲ့တယ်။ အဲ့လိုမျိုး နိမ့်ကျတဲ့အတွေးအခေါ်ကြောင့်သာ အာဏာသိမ်းစရာမလိုဘဲ ၂၀၀၈ ခြေ/ဥ နဲ့ အေးဆေးနေလို့ရတာကို အာဏာသိမ်းခဲ့တာ။

မနာလိုဝန်တိုစိတ်ကြောင့် ဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲဆိုးကျိုးတွေက အများကြီးပါပဲ။ ရေးပြလို့မကုန်နိုင်ပါဘူး။ အတိုချုပ်ပြောရရင်တော့ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး။ ကိုယ့်စိတ်ကိုပြန်ဆန်းစစ်ပါ။ မုဒိတာတရားနဲ့ နိုင်ငံကို တည်ဆောက်နိုင်ကြပါစေ။

မိုးခ (20.6.2022)

Crd

Leave a Reply

Your email address will not be published.