” အမေစုရဲ့ ထူးခြားချက်(၁၀) ချက် “

News

” အမေစုရဲ့ ထူးခြားချက်(၁၀) ချက် “

၁။ ကိုယ်ရောင်ကိုယ်ဝါ
သူမရဲ့ ကိုယ်ရောင်ကိုယ်ဝါဟာ အခြားသူတွေထက် ထူးခြားပြီး တောက်ပနေတယ်။သူ့အနီးနားတစ်ဝိုက်မှာရှိတဲ့သူတွေဟာ သူနဲ့ ယှဉ်လိုက်တဲ့အခါ မှေးမှိန်သွားသလို ဖြစ်သွားတယ်။ အင်တာဗျူး‌တွေ ဖြေတဲ့အချိန်မှာလဲ လူအများကြားထဲမှာ သူမဟာ ထင်းခနဲပေါ်နေတယ်။

နာမည်ကြီးတံဆိပ်(branded) တွေ မဝတ်ထားလည်း သူမဟာ တခြားသူတွေကြားထဲမှာ ပေါ်လွင်နေတယ်။

၂။ မျက်လုံး
ပကတိ ဖြူစင်ရိုးသားတဲ့ စိတ်ဓာတ်နဲ့ ဖြောင့်မတ်တည်ကြည်တဲ့ ကိုယ်ကျင့်တရားတို့ကြောင့် သူမရဲ့ မျက်လုံးဟာ စူးရှပြီးကြည်လင်နေတယ်။

စိတ်ဓာတ်မကောင်းတဲ့သူတွေ၊ ရိုးသားဖြောင့်မတ်မှု မရှိတဲ့သူတွေဟာ သူမနဲ့ မျက်လုံးချင်းဆုံမှာကိုကြောက်ကြတယ်။ တစ်ယောက်ယောက်စကားပြောတဲ့အခါမှာလဲ သူမဟာ မျက်လုံးခြင်းဆုံအောင်ကြည့်ပြီး စိတ်ဝင်စားမှုကို ပြသလေ့ရှိတယ်။အယုတ် အလတ် အမြတ်မရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ရာထူးကြီးငယ်မရွေး လေးစားမှုကိုပြသတဲ့ သူမရဲ့ အမူအကျင့်ပဲ ဖြစ်ပါတယ်။

၃။ မျက်နှာ (သို့မဟုတ်) ဥပဓိရုပ်
ဒေါ်အောင်ဆန်းစုကြည်ထက် ပိုပြီး ချောမောလှပသူတွေ ကမ္ဘာမှာ အများကြီးပါပဲ။ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီးတွေ၊မော်ဒယ်တွေဟာ သူမထက်ပိုပြီး လှပကြပါလိမ့်မယ်။ဒါပေမဲ့ သူမရဲ့ ရင်ထဲက မေတ္တာတရားနဲ့ ရိုးသားဖြောင့်မတ်မှုတို့ကြောင့် ဖြစ်ပေါ်နေတဲ့ “အကြည်ဓာတ်” ဟာ တခြားသူတွေနဲ့ မတူညီတဲ့ ဆွဲဆောင်မှုကို ဖြစ်ပေါ်နေတယ်။သူမရဲ့မျက်နှာကို မြင်တွေ့လိုက်ရတဲ့အခါ အေးချမ်းမှုကို ခံစားရစေတယ်။

၄။ အသံ
မတိုးလွန်း မကျယ်လွန်း၊ မစူးလွန်း မသေးလွန်းဘဲ ကြည်လင်ပြတ်သားတဲ့ အသံကိုလည်း သူမဟာ ပိုင်ဆိုင်ထားတယ်။ ကမ္ဘာကျော်အဆိုတော်တွေ ၊ကမ္ဘာကျော်ဟောပြောရေးသမားတွေဟာ အသံနဲ့ ပတ်သက်တဲ့ နည်းစနစ်(Techniques)တွေကို လေ့ကျင့်ပြီး ကောင်းသထက်ကောင်းအောင် ၊ပရိသတ် စိတ်ဝင်စားမှုရှိအောင် အမျိုးမျိုး ကြိုးစားကြတယ်လို့ လေ့လာမှတ်သားဖူးတယ်။သူမကတော့ တမင်လေ့ကျင့်ယူထားတာ မဟုတ်ဘဲ ပကတိ ကြည်လင်ပြတ်သားပြီး ဆွဲဆောင်မှုရှိတဲ့ အသံကို ပိုင်ဆိုင်ထားပါတယ်။

၅။ အသက်အရွယ်နဲ့မလိုက်ဖက်တဲ့ နုပျိုသွက်လက်မှု
အသက် ၇၀ ကျော်လို့ မထင်ရလောက်အောင် ကျန်းမာနုပျိုပြီး သွက်လက်တက်ကြွနေတာဟာ သဘာဝကပေးထားတဲ့ ထူးခြားချက်ပဲ ဖြစ်ပါတယ်။သူမနဲ့ အနီးကပ်နေထိုင်သူတွေဆီက တစ်ဆင့် ပြန်လည်ကြားသိရသလောက်ကိုပြောရရင် အခုလိုမျိုး အရွယ်တင် နုပျိုသွက်လက်နေတာဟာ သဘာဝက ပေးထားတဲ့ လက်ဆောင်တစ်ခုထဲတင်မဟုတ်ဘဲ သူမရဲ့ အနေအထိုင်နဲ့ အမူအကျင့်တို့ကြောင့်ဖြစ်ကြောင်း သိရှိရပါတယ်။

သူမဟာ ခြေ ၄ ချောင်းသား မစားပါဘူး။သားကြီး၊ငါးကြီး တွေကို ရှောင်ပါတယ်။အသား၊ငါး ထက် အသီးအနှံကိုသာ အဓိကစားသုံးပါတယ်။အဆီအစိမ့်ကို လျှော့စားပြီး ရေလုံပြုတ်ကိုသာ အစားများပါတယ်။ဆီကိုလျှော့စားပြီး အချိုမှုန့်ကို ရှောင်ကြဥ်ပါတယ်။သားရေစာမုန့်တွေဆိုရင် အပြင်အစားအစာထက် အိမ်မှာပဲ လုပ်စားလေ့ရှိပါတယ်။အားလပ်ချိန်တွေမှာ စာဖတ်ခြင်း၊ရေဒီယို နားထောင်ခြင်းတို့ ပြုလုပ်လေ့ရှိပြီး ပုံမှန်အားဖြင့် တရားထိုင်တယ်လို့ သိရပါတယ်။

ဝိပဿနာတရားအားထုတ်ခြင်းက သူမရဲ့ စိတ်ကို တည်ငြိမ်စေပြီး ဘယ်လိုလောကဓံမျိုးနဲ့ပဲ ကြုံတွေ့ ကြုံတွေ့ မတုန်လှုပ်ဘဲ တည်ငြိမ်စေတာဖြစ်‌ကြောင်း လေ့လာသိရှိရပါတယ်။

၆။ စိတ်ဓာတ်
အစစအရာရာ အခြေကျနေတဲ့ ဘဝကို စွန့်လွတ်ပြီး ဒုက္ခ ပေါင်းစုံနဲ့ မရေရာ မသေချာတဲ့ အနာဂတ်ကို ရွေးချယ်လိုက်တဲ့ သူမရဲ့ စိတ်ဓာတ်ဟာ ကြီးကျယ်မြင့်မြတ်လို့ နေပါတယ်။

အင်္ဂလန်လို လူ့အခွင့်အရေးအပြည့်အဝရတဲ့ နိုင်ငံမှာ ခင်ပွန်း၊သား နှစ်ယောက်နဲ့ အတူ ပျော်ရွှင်စာနေထိုင်ခွင့်ကို စွန့်လွှတ်ရဲတဲ့စိတ်၊ ကုလသမဂ္ဂ (UN)လိုအဖွဲ့အစည်းမှာ အလုပ်အကိုင် ကောင်းကောင်းတစ်ခုကို ရထားပါလျက်နဲ့ စွန့်လွှတ်ရဲတဲ့ သတ္တိ၊ မြန်မာပြည်သူတွေ စစ်ကျွန်ဘဝက လွတ်မြောက်ပြီး ဒီမိုကရေစီ အုပ်ချုပ်ရေးရဲ့ အသီးအပွင့်တွေကို ခံစားနိုင်ဖို့အတွက် ယုံကြည်ရာကို ရွေးချယ်ရင်း၊ပိုင်ဆိုင်မှုမှန်သမျှကို စွန့်လွှတ်ရင်း နေအိမ်အကျယ်ချုပ် အကျခံခဲ့တဲ့ သူမရဲ့ စွန့်လွှတ်အနစ်နာခံလိုစိတ်ဟာ ဘယ်သူနဲ့မှ မတူညီနိုင်တဲ့ ထူးခြားချက်ပဲဖြစ်ပါတယ်။

၇။ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်
EQ ဆိုတာ Emotional Quotient ကို ဆိုလိုတာဖြစ်ပြီး စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ဖြစ်ပါတယ်။မိမိအပေါ် အသက်အန္တရာယ်ပြုသူ၊ ဒုက္ခရောက်အောင် ကြံစည်သူ ၊နည်းမျိုးစုံနဲ့ နာမည်ပျက်အောင် တိုက်ခိုက်သူ၊ မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုစော်ကားသူတွေကို လက်တုန့်ပြန်ခြင်း အလျင်းမရှိဘဲ လုပ်စရာရှိတာတွေကိုသာ တစိုက်မတ်မတ် လုပ်ဆောင်နိုင်တာကို ကြည့်ခြင်းဖြင့် သူမရဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်း (EQ)ဟာ သာမာန်လူတွေထက် ထူးကဲတာကို မြင်တွေ့နိုင်ပါတယ်။

၈။ တစ်ဖက်သားအပေါ်လေးစားမှုနဲ့ မေတ္တာတရား
အစည်းအဝေး၊အခမ်းအနား၊ ဟောပြော‌ပွဲတွေမှာ ဘယ်သူစကား‌ပြောပြော ဂရုတစိုက်နားထောင်လေ့ရှိသလို နားထောင်ပြီးတဲ့အခါမှာလည်း တိကျပြတ်သားတဲ့ တုံ့ပြန်မှု/အဖြေကို ပြန်ပေးလေ့ရှိတယ်။ စကားပြောတဲ့သူဟာ အသက်ငယ်သည်ဖြစ်စေ၊ကြီးသည်ဖြစ်စေ၊ဘယ်လို အတန်းအစားမျိုးဘဲ ဖြစ်နေပါစေ သူမဟာ မျက်လုံးချင်းဆုံအောင်ကြည့်ပြီး တလေးတစား နားထောင်လေ့ရှိတယ်။နားထောင်တဲ့အခါမှာလည်း ” ဘယ်လိုကူညီပေးရမလဲ၊ဘယ်လိုဖြည့်ဆည်းပေးရမလဲ” ဆိုတဲ့ စိတ်နဲ့ နားထောင်ပေးပါတယ်။

ဒါဟာ သူမရဲ့ တခြားသော ခေါင်းဆောင်တွေထက်သာလွန်သော ထူးခြားချက်ပဲ ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ တခြားသောခေါင်းဆောင်တွေဟာ သူတို့နဲ့ စကားပြောတဲ့သူတွေရဲ့ အဆင့်အတန်းကိုကြည့်လို့ဖြစ်ပါတယ်။အဆင့်အတန်းမြင့်ရင် မြင့်သလို၊နိမ့်ရင် နိမ့်သလို ဆက်ဆံတတ်ကြလို့ဖြစ်ပါတယ်။သူမကတော့ အဲ့လို မဟုတ်ပါဘူး။လူသားအားလုံးအပေါ် တစ်သတမတ်တည်း လေးစားမှုနဲ့ မေတ္တာတရား ထားနိုင်စွမ်းရှိသူ ဖြစ်ပါတယ်။

၉။ အပင်ပန်းခံနိုင်စွမ်း
သူမဟာ တစ်နေ့တာ ၂၄နာရီထဲမှာ ၄နာရီလောက်သာ အနားယူလေ့ရှိပြီး ကျန်တဲ့အချိန်တွေကို အများအတွက်၊ တိုင်းပြည်အတွက် စဉ်းစားတွေးတော လုပ်ကိုင်နေသူဖြစ်ပါတယ်။

ထိုင်ခုံမှာ ထိုင်တဲ့အချိန်မှာ ခါးကို အမြဲတမ်း မတ်မတ်ထားလေ့ရှိပြီး ဘယ်တော့မှ ပျင်းရိပျင်းတွဲပုံစံ နေလေ့မရှိပါဘူး။ တစ်ဖက်သားနဲ့ စကားပြောတဲ့အချိန်မှာလည်း အာရုံစူးစိုက်မှုအပြည့်နဲ့ နားထောင်လေ့ရှိပါတယ်။ တာဝန်ယူခဲ့တဲ့ ကာလအတွင်း နေ့စဉ်ရက်ဆက် အစည်းအ‌ဝေး၊အခမ်းအနား၊ ပွဲလမ်းသဘင်တွေကို တက်တက်ကြွကြွ တက်ရောက်ခဲ့ပါတယ်။တက်ရောက်တဲ့အခါမှာလည်း အဖြစ်သဘောမျိုးမဟုတ်ဘဲ စိတ်ဝင်တစား ဆောင်ရွက်ခဲ့တာကို လေ့လာတွေ့ရှိနိုင်ပါတယ်။
အထူးခြားဆုံးအချက်က တစ်ဖက်သားကိုလေးစားတဲ့အနေနဲ့ ဘယ်တော့မှ တင်ပလ္လင်ခွေချိတ် မထိုင်တာဘဲ ဖြစ်ပါတယ်။

၁၀။ သည်းခံနိုင်စွမ်း
သာမန်လူတွေဟာ စကားလုံးတစ်လုံး၊ စာတစ်ကြောင်း နဲ့ တိုက်ခိုက်ခံရရင်‌တောင် စိတ်ဆိုးဒေါသထွက်လေ့ရှိပါတယ်။ပြီးသွားရင် ဘယ်လိုလက်တုန့်ပြန်ရမလဲ စဉ်းစားလေ့ရှိပါတယ်။ကိုယ့်အပေါ် အပြုအမူ တစ်ခုခု နဲ့ တင်စီးတာမျိုး၊ တိုက်ခိုက်တာမျိုးတွေ့ရင် ပြန်လည်လက်တုံ့ပြန်လေ့ရှိပါတယ်။

သူမကတော့ အဲဒီ့လိုမျိုး မဟုတ်ပါဘူး။ကိုယ့်အပေါ် အသက်အန္တရာယ် ရန်ရှာသူ၊ဘဝပျက်အောင် ကြိုးပမ်းသူ၊ရစရာမရှိ အောင် တိုက်ခိုက်သူတွေကို လစ်လျူရှုနိုင်ပြီး ဘယ်တော့မှ လက်တုံ့ပြန်‌လေ့မရှိပါဘူး။ဒါတွေဟာ သူမရဲ့ ထူးခြားတဲ့ သည်းခံနိုင်စွမ်းပဲ ဖြစ်ပါတယ်။သာမန်လူတွေ ဒါမျိုးမလုပ်နိုင်ပါဘူး။

ဒီအချက် (၁၀) ချက်စလုံးက ဒေါ်အောင်ဆန်းစုကြည် ပိုင်ဆိုင်ထားတဲ့ ထူးခြားချက် ၁၀ ချက် (သို့မဟုတ်) စွမ်းရည် ၁၀ မျိုးပဲ ဖြစ်ပါတယ်။ ဘယ်သူကမှ လုယူလို့မရသလို၊ လိုက်လံတုပလို့လည်း မရပါဘူး။အပေါ်ယံအဝတ်အစားတွေ၊ ဒီဇိုင်းတွေကို တုပလို့ ရကောင်းရနိုင်ပေမယ့် သူမရဲ့ စိတ်ဓာတ်၊ခံယူချက်၊ကိုယ်ကျင့်တရား၊မေတ္တာတရားတွေကိုတော့ ဘယ်သူကမှ လိုက်လို့ မမီနိုင်ပါဘူး။

ဒါတွေကြောင့်ပဲ ကမ္ဘာကြီးရဲ့ ဘယ်နေရာဘယ်ဒေသကိုပဲသွားသွား ရောက်တဲ့အရပ်မှာ တလေးတစား ဂုဏ်ပြုကြိုဆိုခံရ၊ သွေးမတော်သားမစပ်တဲ့ အမျိုးသမီးတစ်ယောက်ကို ” အမေ” ဆိုတဲ့ မြင့်မြတ်တဲ့ဂုဏ်ပုဒ် တပ်ဆင်အခေါ်ခံရ၊ နှစ်စဉ် သူမမွေးနေ့ရောက်တိုင်း တခမ်းတနား မွေးနေ့ပွဲကျင်းပပေးခြင်းခံရတာ ဖြစ်ပါတယ်။

အသက်(၇၇) နှစ်မြောက်မွေးနေ့မှာ အမေစုကျန်းမာပါစေ။
မတရားဖမ်းဆီးထိန်းသိမ်းခံထားရသော အမေစုနဲ့တကွ နိုင်ငံ့ခေါင်းဆောင်များ၊ အပြစ်မဲ့ပြည်သူများ အမြန်ဆုံးလွတ်‌မြောက်နိုင်ပါစေ။

တိုင်းပြည်အပေါ် ဘယ်သောအခါမှ မကောင်းခဲ့တဲ့ စစ်အာဏာရှင်များ အမြန်ဆုံးကျရှုံးပါစေ။

မြန်မာပြည်ကြီး စစ်အာဏာရှင်လက်အောက်ကလွတ်မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ပါစေလို့ ဘဝတစ်လျှောက်လုံး ပြုခဲ့ဖူးသော ကုသိုလ်ကောင်းမှုများကို တိုင်တည်၍ သစ္စာဆို ဆုတောင်းပါတယ်။

အရေးတော်ပုံမုချအောင်ရမည်။
မိုးခ

(19.6.2022)2:00 PM
credit

Leave a Reply

Your email address will not be published.