သုံးလ သင်ခန်းစာ ကောက်ရိုးမီး ဆယ်တန်းအောင်နှင့် GED ( ၁ )

News

သုံးလ သင်ခန်းစာ ကောက်ရိုးမီး ဆယ်တန်းအောင်နှင့် GED ( ၁ )

ရပ်ကွက် အနီးအနားက ကျွန်တော်ထက် ၅ နှစ်လောက်ကြီးတဲ့ အစ်ကိုတစ်ယောက်၊ အာအိုင်တီကနေ ဗိသုကာနဲ့ ကျောင်းပြီးတယ် ။

ကျောင်းပြီးတော့ စင်္ကာပူကိုထွက် ၊ အလုပ်လုပ်တယ် ။ စင်္ကာပူကိုအသွားမှာ ဘန်ကောက်ကိုအရင်ဝင်ရတယ် ။ အဲ့ဒီအချိန်က နဝတ ခေတ်ဆိုတော့ မြန်မာပြည်သားမှန်ရင် ပြည်ပထွက်ဖို့ ပြည်တွင်းမှာတင် တော်တော်ခက်သလို ပြည်ပနိုင်ငံတွေက လေဆိပ်တွေမှာလည်း အနိုင်ကျင့်ခံရတယ် ။ ( အရစ်ခံရတာကိုပြောတာပါ ။ ) တိုင်းပြည်က ဆင်းရဲ ၊ အစိုးရက နိုင်ငံတကာနဲ့ အဆင်မပြေပဲ မြန်မာ့နည်းမြန်မာ့ဟန်တွေလုပ်နေလေတော့ နိုင်ငံတကာလေဆိပ်ကို ရောက်လာသမျှ မြန်မာပြည်သားတွေဟာ

” ဘာလာလုပ်တာလဲ ”
” ပြန်ဖို့အစီအစဉ်ရှိသလား ”
” ငွေဘယ်လောက်ပါသလဲ ..၊ ပြစမ်း ”

” အလုပ်လုပ်ဖို့ လာတယ်ပြောရအောင် ၊ မင်းက ဘာပညာတတ်သလဲ ၊ ဘာဘွဲ့ရသလဲ ”
ဆိုသလို လေဆိပ်နဲ့ မဆိုင်တဲ့ကိစ္စတွေနဲ့ အရစ်ခံရတာပါ ။ မြန်မာပြည်သားတချို့ဆို နိုင်ငံတကာလေဆိပ်မှာ နိုင်ငံကူးလက်မှတ်တောင် လွှင့်ပစ်ခံရတယ်လို့ ကိုယ်တွေ့ကြုံသူတွေက ပြောပြဘူးပါတယ် ။

ဘန်ကောက်လေဆိပ်မှာ အဲ့ဒီအစ်ကိုကြီးကို ပညာအရည်အချင်း အထောက်အထားပြခိုင်းတော့ အာအိုင်တီက ဘွဲ့လက်မှတ်ကို ထုတ်ပြလိုက်တယ် ။ လဝက အရာရှိက ဘာပြောသလဲဆိုတော့

” ဒါက အတုကွ ၊ မင်းတို့နိုင်ငံက အင်ဂျင်နီယာတက္ကသိုလ်ကို အသိအမှတ်မပြုဘူး ။ ဂျီတီအိုင်လက်မှတ်ကိုတော့ အသိအမှတ်ပြုတယ် ” တဲ့ ။ မဆိုင်တာတွေဆိုတော့ အဲ့ဒီအစ်ကိုကြီးလည်း ဘာမှ မပြောပဲ ကိုယ့်ခရီးကိုယ်ဆက်ခဲ့သတဲ့ ။

ဆရာဝန်ဘွဲ့ရ ရုပ်ရှင်မင်းသားတစ်ယောက် အမေရိကကိုရောက်လာတယ် ။ ဆရာဝန်အဖြစ်နဲ့ အသိအမှတ်မပြုဘူး ။ အမေရိကမှာ ဆေးကုမယ်ဆိုရင် အရည်အချင်းစစ်စာမေးပွဲ ဝင်ဖြေရမယ်တဲ့ ။ ပြီးရင် သူတို့ဆီကသင်တဲ့ ဆရာဝန်ပညာရပ်တွေကို ပြန်သင်ရမယ် ။ အရည်အချင်းစစ် စာမေးပွဲအခြေအနေအရ ဘယ်အတန်းကနေ စမယ်ဆိုတာသိရမယ်တဲ့ ။

ဒီလိုတွေပြောနေတော့ မြန်မာပြည်က ပညာရေးကို နှိပ်ကွပ်တော့မှာလားလို့ မိတ်ဆွေတို့က ထင်ကောင်း ထင်လိမ့်မယ် ။ မဟုတ်ပါဘူး ။ ရွံ့တောထဲမှာ ဆိုင်ကယ်ဆင်းတွန်းပြီး စာသင်ကျောင်းကို အရောက်သွားတဲ့ ဆရာ ၊ ဆရာမတွေကို လေးစားပါတယ် ။ ကျောင်းဆရာဝင်ငွေနဲ့ မလုံလောက်လို့ စက်ဘီးကယ်ရီယာအနောက်မှာ ခြင်းကြီးတင်ပြီး ” ဒန်ဘိုကိတ် ” လို့ ညဦးပိုင်းမှာ အော်ရောင်းတတ်တဲ့ မူလတန်းကျောင်းအုပ်ဆရာကြီကို လေးစားပါတယ် ။

အဝေးပြေးကားလမ်းမမှာ ကျောင်းဆရာတစ်ယောက် လက်တားနေရင် ” ကြိမ်ခွေ တစ်ယောက် လိုက်မယ်ဟေ့ ” လို့ ကားစပယ်ယာက အပြောခံရတဲ့ ဆရာ၊ ဆရာမတွေကို လေးစားပါတယ် ။ ကြိမ်ခွေဆိုတာက ဖောင်ကွပ်တဲ့နေရာမှာ သုံးတာပါ ။ ” ဖောင်ကွပ် ” ဆိုတော့ ” ဖွပ်ကောင် ” လို့ အဓိပ္ဗါယ်ရပါသတဲ့ ။ အဖြုအစိမ်းဝတ် ဆရာ ၊ ဆရာမတွေ ကားစီးတဲ့အခါ တစ်ကျပ်ပဲပေးလို့ ဖွတ်ကောင်လို့ စကားဝှက်နဲ့ ပြောကြတာပါ ။

ကျွန်တော်တို့ဘဝတွေကို လူလားမြောက်အောင် ပညာသင်ပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေရဲ့ ဂုဏ်သိက္ခာကို အစဉ်အမြဲ သတိရ ၊ ကျေးဇူးတင်လျှက်ပါ ။

ပြောချင်တာက အစိုးရအဆက်ဆက်နဲ့ ပညာရေးကဏ္ဍပါ ။ မြန်မာ့ပညာရေး အားနည်းခဲ့သလို အစိုးရမကောင်းတော့ ရောယောင်ပြီး အနှိမ်ခံရပါတယ် ။ ဒါဟာ အတန်းချိန်အပြည့် ၊ ကျောင်းခေါ်ချိန်အပြည့်နဲ့ စာသင်ခဲ့တဲ့အချိန်ကပါ ။

၂၀၂၂ လို ၃ လ နဲ့ အပြီးသင် ၊ စာမေးပွဲစစ်ပြီး ဖြေဆိုသူအများစု ဂုဏ်ထူးတွေပါတဲ့ ပညာရေးဆိုရင် မိတ်ဆွေတို့ တွေးသာကြည့်ပါတော့ ။ ဒါဟာ ထားရာနေ ၊ စေရာသွား ၊ ခိုင်းတာလုပ်ဖို့ အလွယ်တကူ နားထောင်မယ့် ပညာတတ်အမည်ခံတချို့ကို လက်သပ်မွေးလိုက်တာပါ ။ သူတို့အတွက်ကတော့ အရည်အချင်းက အဓိကမကျပါဘူး ။ ပြည်တွင်းမှာစီဒီအမ်နေရာတွေကို အစားထိုးမယ် ၊ သူတို့အမိန့်ကိုနာခံခိုင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်ပါ ။ တိုင်းပြည်ကို လက်လွှတ်ခဲ့ရတဲ့အခါ ပညာတတ်အမည်ခံ ပညာမတတ်တွေနဲ့ ရန်တိုက်ပေးခဲ့ဦးမှာပါ ။

မိဘတချို့က ဆယ်တန်းအောင်တာတွေ ဂုဏ်ယူပြနေကြတော့ စီဒီအမ်မိဘတွေလည်း သို့လော သို့လောနဲ့ ” ငါ့သားလေး ဆယ်တန်းမအောင်ရင်တော့ ဒုက္ခပါဘဲ ” ဆိုသလို အတွေးတွေဝင်နေမှာ မလွဲပါဘူး ။

မပူပါနဲ့ ။ ဒီခေတ်ဟာ ဂူဂဲလ်ခေတ်ပါ ။ ပညာကို တကယ်သင်ချင်စိတ်ရှိရင် နိုင်ငံတကာက အသိအမှတ်ပြုတဲ့ ပညာရပ်တွေကို အလွယ်တကူ သင်ကြားနိုင်ပါတယ် ။ ပြည်ပက ကောလိပ် ၊ တက္ကသိုလ်တွေကိုတက်ဖို့ နိုင်ငံတကာအဆင့် ဆယ်တန်းပညာရေး ( GED ) စာမေးပွဲကို ဖြေဆိုနိုင်ပါတယ် ။ GED စာမေးပွဲဟာ အမေရိကန်နဲ့ နိုင်ငံတကာက ဆယ်တန်းအောင်အဆင့်လို့ သတ်မှတ်ပါတယ် ။ GED အောင်ပြီးတဲ့အခါ ကောလိပ် ၊ တက္ကသိုလ်အဆင့်ကို တက်လှမ်းနိုင်ပါတယ် ။ ကမ္ဘာပေါ်က အလုပ်အကိုင်တစ်ခုခုကို လျှောက်တော့မယ်ဆိုရင် GED အောင်ပြီးသူကိုသာ နိုင်ငံတကာအဆင့် ဆယ်တန်းအောင်သူလို့ သတ်မှတ်ပါတယ် ။

စာရေးသူကို တော်လှန်ရေးစခါစက နိုင်ငံတကာသတင်းတွေ ဘယ်လိုသိသလဲ ၊ source ပြပါ ဆိုသလို မေးခွန်းတွေနဲ့ ကွန်မန့်ပေးလာသူတွေ တော်တော်များများရှိပါတယ် ။ ဂူဂဲလ်ကြည့်တဲ့ အလေ့အထရှိရင် သိချင်သမျှ သိလို့ရသလို ၊ ကဏ္ဍမျိုးစုံအတွက်လည်း လေ့လာနိုင်ပါတယ် ။ ” R2P မှာ ဒါရိုက်တာရှိသလား ၊ မရွှီးနဲ့ မှန်မှန်ဖြေ ” ဆိုပြီး မေးလာသူတစ်ယောက်ကိုလည်း အသေးစိတ် ချက်ကျလက်ကျနဲ့ စိတ်ရှည်လက်ရှည် ပြန်ဖြေပေးခဲ့ပါတယ် ။

( ဆက်ပါဦးမယ် )

ဘကြီးအောင် LA

Crd.

Leave a Reply

Your email address will not be published.