စက်သုံးဆီဆိုင်များ ဆီပြတ်လျှင် အ​ရေးယူမည်ဟု စစ်​ကောင်စီ၏စက်သုံးဆီအသင်းကခြိမ်း​ခြောက်

News

ဆီဆိုင်တွေမှာ ဆီပြတ်လပ်မှုဖြစ်ပေါ်ပါက အရေးယူမည်ဟု MPTAထုတ်ပြန်

စက်သုံးဆီပြတ်လပ်နေပြီး ရောင်းချနိုင်မှု မရှိတာကြောင့် ပိတ်သိမ်းထားရတဲ့ ဆိုင်တွေကို ဆီပြတ်လပ်မှုဖြစ်ပေါ်ရင် အရေးယူဆောင်ရွက်မည်ဟု မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက အကြောင်းကြားစာကို ဇွန်လ ၁၂ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စက်သုံးဆီမပြတ်လပ်စေရန် Importer Companyများ၊ Terminal Company များ၊ စက်သုံးဆီဆိုင်များနှင့် SME စက်သုံးဆီဆိုင်များမှာ စက်သုံးဆီ မပြတ်လပ်စေရေး စီမံဆောင်ရွက်ထားရန် MPTAက အကြောင်းကြားစာတွင် ထည့်သွင်းဖော်ပြထားသည်။

ဆီဆိုင်များတွင် စက်သုံးဆီပြတ်လပ်မည့် အခြေအနေများဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ တာဝန်ရှိသူများထံ တင်ပြရန်နှင့် ဆီဆိုင်များတွင် ဆီပြတ်လပ်မှုများ ဖြစ်ပေါ်က အရေးယူဆောင်ရွက်သွားမည်ဟု MPTA ကဆိုသည်။

ယင်းကဲ့သို့ အကြောင်းကြားစာမှာ လက်တွေ့ဆန်မှုမရှိဘဲ MPTAထံ ဆက်သွယ်ကာ စက်သုံးဆီဝယ်ယူ ရရှိနိုင်ရေးအတွက် တင်ပြထားသော်လည်း MPTAအနေဖြင့် ဆောင်ရွက်ပေးခြင်း မရှိကြောင်း SME စက်သုံးဆီဆိုင် လုပ်ငန်းရှင်များက ပြောသည်။

“လေလံလည်း ဆွဲမရဘူး ခွဲတမ်းလည်း တောင်းမရဘူး၊ အခုလိုဖြစ်တာက Importer Companyတွေနဲ့ စကစကြားက ပြဿနာ၊ ဒေါ်လာထုတ်ပေးတော့ ဆိပ်ကမ်းရောက်ငွေချေကို တစ်ဖက်ကလက်မခံဘူး လက်မခံတော့ ငွေကြိုထုတ်ရတော့ အရင်းကြီးသွားတယ်၊ ဆီစျေးက တောက်လျှောက်တက်တော့ အကြီးပိုင်းတွေက ရောက်သမျှကို အကုန်ပြန်မလွှတ်တော့ဘူး၊

မရောင်းရတာက မရှုံးဘူး၊ ရောင်းပြီးမှ ပြန်ဝယ်ရရင်ရှုံးမယ်ဆိုပြီး အရောင်းရပ်တာတွေ၊ ကျွန်တော်တို့လို ဆိုင်ငယ်တွေက ဆီကျန်မရှိလို့ကို မရောင်းရတာ၊ နယ်တွေဆိုတာ ဆီဆိုင်က လက်ချိုးပြောလို့ရတယ်၊ ကျန်သမျှ အကုန်ရောင်းရတာပဲ၊ ဆီမကျန်တော့တာကို ပြောတယ်လေ တင်ပြတယ်လေ ဘယ်မှာပြန်ချပေးလို့လဲ ချပေးရင်လည်း ဒီနေ့ ၂,၂၀၀ဆို နောက်နေ့ ၂,၃၀၀ ဘယ်လိုလုပ် လိုက်နိုင်တော့မှာလဲ၊ လိုင်စင်တစ်ခုက ရဖို့ခက်လို့သာ မှေးပြီးတော့ ခံနေကြရတာ”ဟု ဧရာဝတီတိုင်းအတွင်းရှိ စက်သုံးဆီဆိုင် သုံးခုထက်မနည်း ဖွင့်လှစ်ထားသူ လုပ်ငန်းရှင်တစ်ဦးကပြောသည်။

MPTAမှ စက်သုံးဆီ မပြတ်လပ်စေရန် ညွှန်ကြားသည်ဟု ဆိုသော်လည်း ရန်ကုန်မြို့၏ မြေပြင်တွင်မူ ဇွန်လ ၁၃ရက်နေ့ ညနေ ၅နာရီအထိ စက်သုံးဆီဆိုင် အများစုတွင် 92၊95 ဆီများ ဝယ်ယူ၍ မရရှိနိုင်ဘဲ ဖြစ်နေသည်။

“ဆီကုန်ပြီလို့ ဆိုင်းဘုတ်ထောင်ထားတာ သိပ်မတွေ့ဘူး၊ ဆီရတယ်ထင်ပြီး သွားဝယ်ရင် ကုန်နေတာနဲ့ တိုးတယ်၊ အဲ့ဒီတော့ ကားတန်းအရှည်ကြီးတန်းစီထားတဲ့ ဆိုင်တွေဆိုရင် ဆီရှိလို့ပဲဆိုပြီး ကိုယ်ပါရောတန်းစီရတယ်၊ တောင်ဥက္ကလာ Maxမှာ သုံးသောင်းဖိုးရခဲ့တယ်၊ တန်းစီရတာနဲ့ တန်တောင် မတန်ဘူး”ဟု ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်နေ အငှါးယာဉ်မောင်းတစ်ဦးက ပြောသည်။

စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ရန်ကုန်မြို့၌ 92 တစ်လီတာ ၂,၃၀၅ကျပ်၊ 95 တစ်လီတာ ၂,၃၇၀ကျပ် သတ်မှတ်ကြေညာထားသော်လည်း မြေပြင်တွင် ရောင်းချပေးနေသည့် ဆီဆိုင်များတွင်သာ တန်းစီဝယ်ယူရနေပြီး ဆိုင်များအလိုက် ပိုမိုစျေးနှုန်းမြှင့်တင် ရောင်းချနေကြောင်း သိရသည်။

#mizzima

Leave a Reply

Your email address will not be published.